
“မနေ့ (မေ ၂၃ ရက်) က ပလူဇဝမှာ မိုင်းတွင်းပြိုတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့က ဖြစ်တာပါ။ သူတို့က တွင်းအပေါ်မှာ အရင်က Open Cut တူးတာပေါ့။ ပထမတော့ ထုံးစံအတိုင်း အပေါ်က တူးလို့ရသလောက် တူးတာပေါ့။ Open Cut တူးလို့ မရတော့ဘူးဆိုမှ လိုဏ်ခေါင်းတူးတာပေါ့။ အိုးပင်းကတ် တူးစဉ်အခါတုန်းက ရာဇဂြိုဟ်ဆည်ထိပ်မှာ မြေပြိုဆည်ဖြစ်သလိုပုံစံမျိုး ဖြစ်နေတာ။ အဲဒီမှာတင် မြောင်းထဲမှာက ရေက ဝင်နေတယ်။ ရေအိုင်မျိုးဖြစ်နေတယ်။ အဲဒီမှာ ဖြစ်နေတာကို အောက်ဘက်ကလည်း လိုဏ်ခေါင်းနဲ့တူးတာကိုး။ အပေါ်မှာ ရေအိုင်နဲ့ဗွက်ထနေတဲ့အချိန် အောက်ကလည်း တူးတဲ့အချိန်ပေါ့။ တိုက်ဆိုင်စွာပဲ ရေတွေစိမ့်ထွက်လာတယ်။ ကျောက်ခဲပြိုလာတာကို အခြေအနေမကောင်းတော့ဘူးဆိုပြီး ပြေးမယ့်အချိန်၊ အထဲမှာက ရွှံ့နှစ်ရေကလည်း ရှိနေတယ်။ အထဲဝင်သွားတာက ခြောက်ယောက် ဝင်သွားတာ။ သူတို့ အားလုံးပြေးနေချိန်မှာ တွင်းခေါင်းဆောင်လုပ်တဲ့သူက ချော်လဲတယ်ပြောရမှာပေါ့။ တွင်းကလည်း ၄၅ ဒီဂရီ စောင်းနေတာဆိုတော့ ချောတဲ့သူကပါသွားပြီး ခေါင်းနဲ့ ဟိုတိုက်ဒီတိုက် ဖြစ်မှာပေါ့။ ရွှံ့နှစ်တွေနဲ့ မီတာ ၁၀၀ ဝန်းကျင်လောက် လျှောသွားတယ်။ သူတို့ပြောတာပဲ။ ညပိုင်းအမှောင်နဲ့ဆိုတော့ အောက်မှာရှိတဲ့သူတွေက အပြင်ကို ဇွတ်ထွက်ထွက်ပေါ့။ အဲဒီမှာလည်း ရွှံ့နှစ်နဲ့ တုံးနဲ့ ပိတ်ပြီး တော်တော်နဲ့ ထွက်မရဘူး” ဟု ကလေးဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက ပြောကြားသည်။
အဆိုပါ မိုင်းတွင်းပြိုကျမှုကြောင့် ရွှံ့နွံများ မိုင်းတွင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မိုင်းလုပ်သား ကိုအောင်ကျော်ထွေး (၂၂ နှစ်)သည် ရွှံ့နွံများနစ်၍ သေဆုံးခဲ့ရသည်ဟု သိရသည်။
“သူတို့ကလည်း ကျွန်တော်တို့ကို သတင်းမပေး၊ သတ္တုကိုလည်း သတင်းမပေး။ သူတို့ဟာသူတို့ လုပ်နေကြတဲ့ သဘောပေါ့။ ကျွန်တော်တို့သိရတော့ ညနေ ၄ နာရီခွဲလောက်မှ သိရတယ်။ ဒါတောင် ရွာတာဝန်ခံတစ်ယောက်ကို ကျင်းပြိုတယ်နဲ့ တူတယ်နောဆိုပြီး စာရေးကို လှမ်းမေးရတယ်။ သတ္တုကလည်း ကျွန်တော်တို့ဆီ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတော့ သွားကြည့်ကြတော့ သေတဲ့သူကို ထုတ်ထားပြီးပြီ။ ရဲကလည်း အမှုဖွင့်ထားတယ်။ အခုလည်း ပလူဇဝမှာ မေးစရာရှိတာ မေးနေပါတယ်။ ကျွန်တော်တို့က နစ်နာတဲ့သူတွေ ရှိမလား။ သတင်းပို့တာကလည်း နောက်ကျတယ်။ ဒီအခြေအနေအပေါ် သုံးသပ်ပြီး သေဆုံးတဲ့သူအတွက် နစ်နာကြေး၊ လစာပေးဖို့အတွက်တွေပေါ့။ ရဲက အမှုဖွင့်မယ်၊ သတ္တုတွင်းကလည်း လာစစ်ဆေးမယ်။ ပြစ်ဒဏ်ပေးမလား၊ မပေးဘူးလားပေါ့။ ပိတ်သင့်သလား မပိတ်သင့်ဘူးလားပေါ့။ ဒါက သတ္တုတွင်းရဲ့ လုပ်ငန်းပေါ့။ လတ်တလောကတော့ သတ္တုတွင်းကို ဒီမိုင်းတွင်းကို ယာယီရပ်ဆိုင်းခိုင်းထားပါတယ် ။ နယ်မြေခံ သတ္တုတာဝန်ခံကပေါ့။ သတ္တုတွင်းကတော့ သီးခြားလာစစ်ဆေးပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့ ဆက်လက်လုပ်ဆောင်ကြမှာပေါ့” ဟု ဦးဇော်လင်းက ဆက်လက်ပြောကြားသည်။
၂၀၁၉ ခုနှစ် မေ ၁၉ ရက်ကလည်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စုအတွင်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လုပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဦးပိုင်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် ထူးဟန်သစ် ကျောက်မီးသွေးကုမ္ပဏီ၏ ကျင်းအမှတ် (၂) အတွင်း ပေ ၅၀၀ အကွာတွင် ကျောက်မီးသွေးတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းဖောက်ခွဲရာမှ အီသိန်းဓာတ်ငွေ့နှင့် ထိတွေ့ပေါက်ကွဲမှုဖြစ်ရာမှ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
No comments:
Post a Comment