Sunday, June 23, 2019

ဂျော်ဂျီယာတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှားက လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထား

ဂျော်ဂျီယာနိုင်ငံတွင် အကြမ်းဖက် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှား သမ္မတပူတင်က ရုရှားလေကြောင်းလိုင်းများ ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၈ ရက်တွင် စတင်သက် ရောက်မည့်အမိန့်ကို ပူတင်က သောကြာနေ့တွင် လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။ေ ဂျာ်ဂျီယာလွှတ်တော်သို့ ရှရှားအမတ်များ ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများအတွင်း လူပေါင်း ၂၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ရုရှားလေကြောင်းလိုင်းများကို ရပ်နားလိုက်ခြင်းဖြစ်သည်။



တောင်အိုဆက်ရှားဒေသနှင့် ပတ်သက်၍ နှစ်နိုင်ငံစစ်ဖြစ်ခဲ့ပြီးနောက် ၁၁ နှစ် ကြာလာသည့်တိုင်အောင် ရုရှားနှင့် ဂျော်ဂျီယာအကြား တင်းမာမှုများ ရှိနေဆဲပင်ဖြစ်သည်။

ထို့ပြင် အိမ်နီးချင်း ဂျော်ဂျီယာသို့ ဧည့်သည်ပို့ဆောင်ပေးနေသည့် အစီအစဉ်များကိုလည်း ရပ်ဆိုင်းထားရန် ခရီးသွား လုပ်ငန်းများအား မော်စကိုက အကြံပြုထားသည်။

ကြာသပတေးနေ့က အော်သိုဒေါ့စ် ခရစ်ယာန်နိုင်ငံများမှ လွှတ်တော်အမတ်များ စည်းဝေးပွဲတွင် ရုရှားအမတ် ဆာဂျီဂါ ဗရီလော့ဗ်က အမှာစကား ပြောကြားခဲ့မှုကြောင့် လူထုအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြို့တော် တစ်ဘီလီစီရှိ လွှတ်တော်အဆောက်အအုံကို ဆန္ဒပြပြည်သူများက ဝိုင်းထားခဲ့ကြရာ ရဲများက လူစုခွဲရန်အတွက် ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုကာ အင်အားသုံး ဖြိုခွဲခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုအပြီးတွင် ဂျော်ဂျီယာလွှတ်တော်ဥက္ကဋ္ဌ အိုင်ယတ်လီ ကိုဘာချီဇီ နုတ်ထွက်သွားခဲ့သည်။ ၎င်းသည် မစ္စတာ ဂါဘရီလော့ဗ်အား အမှာစကား ပြောကြားပေးရန် ဖိတ်ခေါ်ခဲ့မှုကြောင့် လူထုထံမှ ကြောက်မက်ဖွယ် တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရသည်။

ဆန္ဒပြပြည်သူများသည် သောကြာ နေ့ညပိုင်းတွင် ဂျော်ဂျီယာလွှတ်တော် အပြင်ဘက်တွင် ထပ်မံစုဝေးခဲ့ကြပြီး ရုရှား အလိုမရှိဟု ထပ်ကာထပ်ကာ ကြွေးကြော်ခဲ့ကြသည်။

သို့ရာတွင် ဆန္ဒပြသူများသည် ရုရှားကို ကန့်ကွက်ရန်အတွက်သာမကဘဲ အဓိကရုဏ်း နှိမ်နင်းမှုပုံစံကြောင့် ဂျော်ဂျီယာပြည်ထဲရေးဝန်ကြီး ဂျော်ဂျီဂါခါရီယာ နုတ်ထွက်ပေးရေးကိုပါ တောင်းဆိုခဲ့ကြသည်။

ကြသပတေးနေ့က ဆန္ဒပြသူများအား ဖြိုခွဲရန်အတွက် ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဓာတ်ငွေ့များနှင့် မီးသတ်ပိုက်များကို အလွန်အကျွံသုံးစွဲခဲ့မှုအပေါ် ပြည်သူများက အမျက်ထွက်နေကြခြင်းဖြစ်သည်။

ရုရှားနိုင်ငံအပေါ် အလျှော့ပေး ဆက်ဆံမှုများကြောင့် လက်ရှိအစိုးရအပေါ် လူထု၏မကျေနပ်မှုများသည် ရုရှားအမတ်၏ ခရီးစဉ်ကြောင့် မီးလောင်ရာလေပင့်ကာ ပွင့်ထွက်သွားခဲ့သည်။

ဂျော်ဂျီယာသမ္မတ ဇူရာဘစ်ရှ်ဗီလီက ရုရှားသည် ကျူးကျော်သောရန်သူဖြစ်ပြီး မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသည်ဟု ပြောဆိုလိုက်သည်။

ကရင်မလင် အာဏာပိုင်များကမူ အဆိုပါဆန္ဒပြမှုများသည် ရုရှားမုန်းတီးရေး လှုံ့ဆော်မှုဖြစ်ပြီး ဂျော်ဂျီယာ အတိုက်အခံများသည် လက်ရှိနှစ်များအတွင်း ဖြစ်ပေါ်လာသည့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုများကို တားဆီးရန် ကြိုးစားနေကြသည်ဟု ပြစ်တင်စွပ်စွဲ ပြောကြားသည်။

No comments:

Post a Comment