Sunday, June 23, 2019

စာရေးဆရာမတစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲမှု စိတ်ကူးယဉ်ပြောဆိုမှုဖြစ်ကြောင်း ထရမ့်ဖြေရှင်း

၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် စာရေးဆရာမ အီး ဂျင်း ကာရိုးကို လိင်ပိုင်းအနိုင်ကျင့်ခဲ့သည်ဆိုသည့် စွပ်စွဲချက်သည် စိတ်ကူးယဉ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန် ၂၁ ရက်တွင် ဖြေရှင်းပြောဆိုခဲ့သည်။ ထရမ့်က ၎င်းအနေဖြင့် အီးဂျင်းကာရိုးနှင့် တစ်ကြိမ်မှ မဆုံဖူးဘဲ စာရေးဆရာမသည် စာအုပ်သစ်ရောင်းရရန် ဉာဏ်ဆင်ခြင်းသာဖြစ်ကြောင်း ထရမ့်ကပြောသည်။ ကာရိုး၏စွပ်စွဲချက်ကို နယူးယောက်မဂ္ဂဇင်းက ဇွန် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။ထရမ့်သည် လိင်ပိုင်းမလျော်ကန်မှုများကို ကျူးလွန်ခဲ့ကြောင်း အမျိုးသမီး ၁၀ ဦးကျော်က စွပ်စွဲပြောဆိုခဲ့ပြီး လီဆည်စွပ်စွဲခြင်းသာဖြစ်ကြောင်း ထရမ့်က ဖြေရှင်းပြောဆိုခဲ့သည်။



အီးဂျင်းကာရိုးသည် စာအုပ်သစ်ရောင်းကောင်းရန် လီဆည်ပြောဆိုနေခြင်းဖြစ်ပြီး ၎င်း၏စာအုပ်ကို စာအုပ်ဆိုင်ရှိ ဝတ္ထုစာအုပ်စင်တွင် တင်ထားရမည်ဖြစ်ကြောင်း ထရမ့်ကပြောသည်။ ထို့ပြင် ဒီမိုကရက်တစ်ပါတီက ကာရိုးသို့မဟုတ် နယူးယောက်မဂ္ဂဇင်းနှင့် လက်ဝါးချင်းရိုက်နေကြောင်း သတင်းအချက်အလက်ခိုင်ခိုင်မာမာသိထားသူ မည်သူမဆို အိမ်ဖြူတော်ကို ဆက်သွယ်နိုင်ကြောင်း ထရမ့်က တိုက်တွန်းပြောကြားခဲ့သည်။

၁၉၉၅ ခုနှစ်သို့မဟုတ် ၁၉၉၆ ခုနှစ်အစောပိုင်းတွင် နယူးယောက်ရှိ လူကုန်တန်များလာရောက်တတ်သော ဘာ့ဒေါ့ဖ် ဂွတ်မန်းစတိုးဆိုင်ကြီးရှိ အဝတ်လဲခန်းတွင် ထရမ့်သည် ၎င်းကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာရိုးက စွပ်စွဲပြောဆိုခဲ့သည်။ ယင်းအချိန်က ထရမ့်နှင့် ကာရိုးသည် အသက် ၅၀ ဝန်းကျင်အရွယ်များဖြစ်ကြပြီး ထရမ့်သည်လည်း ယင်းအချိန်က မာလာ မေပယ်စ်နှင့် လက်ထပ်ထားသည်။

No comments:

Post a Comment