Sunday, June 23, 2019

မကွေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ သီးနှံစိုက်ခင်းများတွင် ပေါင်းနုတ်လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ မိုးမရွာသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မစတင်နိုင်သေး

မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ် စသည့်မြို့နယ်များ အတွင်းရှိ မြေပဲ၊ နှမ်းစိုက်ခင်းများတွင် ပေါင်းနုတ်လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ရေနံချောင်း မြို့နယ်အတွင်း ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု မရှိသေးသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မစတင်နိုင်သေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မကွေးမြို့နယ်အတွင်း နှမ်းစိုက်ခင်း တစ်ခုတွင် ပေါင်းနုတ်လုပ်ငန်းဝင်နေသည်ကို တွေ့ရစဉ်
ဆီထွက်သီးနှံ အဓိကစိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်မေလလယ်ပိုင်းမှစ၍ မိုးဦးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ စတင်လေ့ရှိကြောင်း၊ ယခုနှစ်တွင် မုတ်သုံမိုးနောက်ကျမှုကြောင့် မြို့နယ်အများစု၌ ဇွန်လဆန်းပိုင်းတွင်မှ သီးနှံများ စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် ဇွန် ၂၂ ရက်အထိ မိုးဦးကျ မိုးအဖြစ် မိုးသည်းထန်စွာ ရွာသွန်းမှု မရှိသေးသောကြောင့် မိုးဦးသီးနှံများ မစိုက်ပျိုး နိုင်သေးကြောင်း သိရသည်။


ကျွန်တော်တို့ ကျေးရွာတွေမှာ မိုးဦးနှမ်းစိုက်ခင်းတွေအတွက် ပေါင်းနုတ်လုပ်ငန်းတွေကို ရေနံချောင်း မြို့နယ်ထဲက ကျေးရွာတွေကနေ နေ့စဉ်ကားတွေနဲ့ တိုက်ရိုက်အသွားအပြန်ခေါ်ပြီး သုံးရပါတယ်။ ရေနံချောင်းနယ်ဘက်က ကျေးရွာတွေမှာ စိုက်ပျိုးနိုင်လောက်တဲ့ မိုးပမာဏ မရွာသေးတော့ ကျွန်တော်တို့ဘက်က လိုအပ်တဲ့ လုပ်သားတွေ ခေါ်သုံးဖို့ အဆင်ပြေနေတာပါ။ ပုံမှန်အတိုင်းဆိုရင် လုပ်သားရှားပါးမှုကြောင့် ပေါင်းနုတ်ရာသီမှာ လုပ်ငန်းမပြီးတာတွေ၊ သီးနှံရိတ်သိမ်းချိန်မှာ အချိန်မီမပြီးနိုင်လို့ ဆုံးရှုံးရတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်” ဟု မကွေးမြို့နယ် အတွင်းမှ တောင်သူတစ်ဦးက ပြောကြားသည်။ ယခုနှစ် မိုးဦးသီးနှံစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲမျိုးဆံ တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ကျော်၊ စမုန်နက် နှမ်းမျိုးတစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ မကွေးမြို့နယ် အတွင်းရှိ မြေပဲနှင့် နှမ်းစိုက်ခင်းများ ပေါင်းနုတ်ရန်အတွက် ရေနံချောင်း၊ မင်းလှစသည့် မြို့နယ်များအတွင်း ကျေးရွာများမှ လုပ်သားများကို အသွားအပြန် ကားဖြင့်တိုက်ရိုက်ခေါ်ယူ အသုံးပြုရပြီး တစ်နေ့လျှင် လူတစ်ဦးအတွက် လုပ်အားခ အနည်းဆုံး ကျပ် ၅၀ဝ၀ ပေးရကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ မရွာသေးသောကြောင့် စိုက်ပျိုးရေး မစတင်နိုင်သေးသူများသည် သက်ရင့်မြေပဲ (ပင်ပြန့်) များကို လုံးဝစိုက်ပျိုးနိုင်တော့မည် မဟုတ်ဘဲ ဇူလိုင်လအတွင်း ရွာသွန်းမည့်မိုး များဖြင့် သက်နုမြေပဲ (ပင်ထောင်)များကိုသာ စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း၊ မိုးမရွာသောကြောင့် စိုက်ပျိုးရေးများ မစတင်နိုင်သေးသည့်အပြင် နွားစာအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။     

No comments:

Post a Comment