ဖမ်းထားတဲ့ ၈ ဦးကို စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်နိုင်ရေးအတွက် ကျောက်တော်မြို့ မြို့မရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါက်တောပြင်ရွာ သင်းကျစ်တောင် ဘုန်းတော်ကြီးကျောင်းမှာလည်း သိုဝှက်ထားတဲ့ လုပ်သေနတ်ခဲယမ်းနဲ့ WFP တံဆိပ်ပါထောက်ပံ့ရေး ရိက္ခာပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၂၁ ရက်နေ့က ပေါက်တောပြင်ကျေးရွာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင် ဘုန်းတော်ကြီးကျောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး သွားရောက်ရှာဖွေခဲ့ရာ ဘုန်းတော်ကြီးကျောင်းနဲ့ မသက်ဆိုင်တဲ့ လုပ်သေနတ်၊ ခဲယမ်း၊ မိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ယူနီဖောင်း၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ WFPတံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာ ပစ္စည်းတွေ၊ အခြားစားသောက်ကုန်ပစ္စည်းတွေနဲ့ ဆေးပစ္စည်းတွေ တွေ့ရှိသိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
အေအေတပ်ဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ တပ်မတော်က ဖမ်းဆီးထားသူ ၈ ဦးဟာ အေအေတပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ ပြောပါတယ်။
“သူတို့ ပြောတဲ့ ဖမ်းဆီးရမိတဲ့လူတွေနဲ့ ပစ္စည်းတွေက သူတို့ ဒေသခံရွာသားတွေကို မဟုတ်မမှန်လုပ်ကြံပြီး ပုဒ်မတွေအမျိုးမျိုးတပ် ဒုက္ခပေးဖို့ လုပ်နေရာလို့ပဲ မြင်တယ်။ အဲဒီရွာသားတွေက အရပ်သားစစ်စစ်တွေ၊ စစ်ရှောင်ပြေးနေတဲ့ ရွာသားတွေပေါ့။ အဲဒါတွေကို သူတို့က အေအေပါဆိုပြီး ဖမ်းတယ်၊ သင်းကျစ်ထောင်ဘုန်းကြီးကျောင်းကနေ လုပ်သေနတ်နဲ့ ပစ္စည်းတွေ ရတာရှိတယ်ဆိုပြီး ပြောတာရှိတယ်။ လုပ်သေနတ်တွေဆိုတာက အခုဗမာ့စစ်တပ်ကို ရခိုင်တပ်တော်ဘက်က တိုက်ခိုက်နေတယ်ဆိုတာက အဲလိုမျိုး မီးကြိုးမောင်းပျက် လုပ်သေနတ်အဆင့်နဲ့ တိုက်ခိုက်နေတာမဟုတ်ဘူး။” လို့ ပြောပါတယ်။
No comments:
Post a Comment