
ရွှေသတ္တုကိုသာ အဓိကထား၍ တူးဖော်ခဲ့ကြောင်းနှင့် ထိုသို့တူးဖော်သူများသည် တရားမဝင်ရွှေတူးဖော်သူများ ဖြစ်သောကြောင့် ထိုဒေသများအား ရတနာနယ်မြေမှ ပယ်ဖျက်ပေးကာ ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးနိုင်ရန် တင်ပြထားခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၏ ပြောကြားချက်အရ သိရသည်။
“ခန္တီးရတနာနယ်မြေထဲက တန်းဝင်ကျောက်စိမ်းမထွက်တဲ့ နေရာတွေပေါ့လေ။ အဲဒီနေရာတွေကို ရတနာနယ်မြေကနေ ပယ်ဖျက်ပေးဖို့လည်း စာတင်ထားတယ်။ နောက်အခု ရွှေကိစ္စပေါ့နော်။ ရွှေကျတော့လည်း အခုတူးနေတာပဲ။ တရားမဝင်တူးတဲ့လူတွေ ရှိတယ်။ အဲဒီပယ်ဖျက်လိုက်တဲ့ နေရာတွေမှာ အသေးစားနဲ့ လက်လုပ်လက်စားချပေးဖို့ဆိုပြီးတော့ ကျွန်တော်တို့ တင်ပြထားတယ်။ ခွင့်ပြုချက်တော့ မကျသေးဘူး။ နှစ်ခုစလုံး တင်ထားတယ်။ တရားမဝင် ရွှေတူးဖော်မှု လည်း ပပျောက်သွားမယ်။ နောက်တရားဝင် ချပေးလိုက်တဲ့အတွက် နိုင်ငံတော်မှာလည်း အခွန်ဝင်ငွေပိုရလာမယ်။ နောက်ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပေါ်လာမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း စနစ်တကျနဲ့လုပ်ပေးလို့ရမယ်။ အကျိုးကျေးဇူး အများကြီးရှိမယ်” ဟု ဦးလာလ်ထောင်ထန်းက ပြောကြားသည်။ ခန္တီးမြို့နယ်တွင် ရွှေထွက်ရှိပြီး ရွှေတူးဖော်မှုများ ပြုလုပ်နေကြသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေအသေးစားနှင့် လက်လုပ်လက်စား တူးဖော်ခွင့်ချပေးရာတွင် မပါဝင်ခဲ့ကြောင်းနှင့် ကျောက်စိမ်းတူးဖော်မှု မရှိသည့် နေရာများအား ဓာတ်သတ္တု (ရွှေ) အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ တရားဝင်ချထားပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုအကျိုးရှိစွာလုပ်ဆောင်လာ နိုင်မည်ဖြစ်ကြောင်း ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်၏ ပြောကြားချက်အရ သိရသည်။
“စစ်ကိုင်းတိုင်းအတွင်းမှာ ရွှေအသေးစားနဲ့ လက်လုပ်လက်စား တူးဖော်ခွင့်ချပေးတော့ ခန္တီးမြို့နယ် မပါဘူး။ ခန္တီးမြို့နယ်အတွင်းမှာ ရွှေထွက်ပေမယ့် ရွှေတူးဖော်မှုတွေ ရှိပေမယ့် ချပေးတဲ့မြို့နယ်အထဲမှာ မပါခဲ့ဘူး။ ကျောက်မျက်ဧရိယာဖြစ်နေတဲ့ အတွက်ပေါ့။ တကယ်တော့အဲဒီနေရာတွေက ကျောက်မထွက်ပဲ ရွှေပဲထွက်လို့ ရွှေပဲတူးကြတာ။ သက်ဆိုင်ရာကလည်း အဲဒီနေရာကို ရွှေတူးဖော်ခွင့် တရားဝင်ချထားမပေးတော့ အကုန်လုံးက တရားမဝင်တူးနေကြတာပေါ့။ ကျောက်မျက်ဧရိယာအတွင်းက ကျောက်မထွက်တဲ့နေရာတွေကို ကျောက်မျက်ဧရိယာက ပယ်ဖျက်ပေးပြီး ရွှေအသေးစားနဲ့ လက်လုပ်လက်စား တူးဖော်ခွင့် တရားဝင်ချထားပေးမယ်ဆိုရင် တရားမဝင်ရွှေမျောတွေလည်း ပပျောက်သွားမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရတာလည်း ပိုလွယ်မယ်” ဟု ကိုအောင်ဆန်းမြင့်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေအသေးစား နှင့် လက်လုပ်လက်စားတူးဖော်ခွင့်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၆ ရက်တွင် စတင်ခွင့်ပြုပေးခဲ့သော်လည်း လုပ်ကိုင်ခွင့်ပြုသည့် မြို့နယ်များတွင် ခန္တီးမြို့နယ် မပါဝင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment