
မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးကို ဆပ်ကော်မတီဖွဲ့စည်းထားပြီးဖြစ်၍ ဆောလျင်စွာဆောင်ရွက်ရန်ကို ယခုနှစ် ဧပြီ ၄ ရက်နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၁၉ တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံက အချိုးကျပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဂြိုဟ်တုကိုမူ ယခု ၂၀၁၉ ခုနှစ် ဇွန်လတွင် အာကာသတွင်းသို့လွှတ်တင်မည်ဖြစ်ကြောင်းကို ယခုနှစ် ဧပြီ ၁၂ ရက်နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သေးသည်။
ယင်းအမှာစကားဝယ် ”မြန်မာနိုင်ငံပိုင် ဂြိုဟ်တုနစ်တည်ထောင်နိုင်ရေးအတွက် အဆင့် ၃ဆင့်ဖြင့်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် အခြားနိုင်ငံပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းကာ ငွေပေးချေသည့်စနစ်အဖြစ် MyanmarSat-1ကို ငှားရမ်းအသုံးပြုဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အချိုးကျပူးတွဲပိုင်ဆိုင်သည့်စနစ်ကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြေင်း၊ ယင်းစာချုပ်အရ ကန်ဒေါ်လာ ၁၅၅ ဒသမ ၇သန်းကုန်ကျမည်ဖြစ်ပြီး ယင်းငွေပမာဏ၏ ၃၀ရာခိုင်နှုန်းကို ၂၀၁၈ခုနှစ် ၆လဘတ်ဂျက်တွင် ၂ကြိမ်ပေးချေခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၅၀ရာခိုင်နှုန်းကို လေးကြိမ်ခွဲ၍ပေးဆောင်နေကြောင်း၊ လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် နောက်ဆုံးကျန်ရှိသည့် ၂၀ရာခိုင်နှုန်းကို နှစ်ကြိမ်ခွဲပြီးပေးချေရမည်ဖြစ်ကြောင်း၊ ထိုသို့ အချိုးကျပူးတွဲပိုင်မည့် MyanmarSat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ် ဇွန်လတွင် အာကာသထဲသို့ လွှတ်တင်မည်ဖြစ်ပြီး၊ စက်တင်ဘာ လလယ်ခန့်တွင် နည်းပညာအသစ်များနှင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် MyanmarSat-1 မှ လိုင်းအင်အားများကို MyanmarSat-2 ဆီသို့ ပြောင်းရွှေ့အသုံးပြုချိန်မှစပြီး MyanmarSat-1 အတွက် ငှားရမ်းခကို ပေးစရာမလိုတော့ကြာင်း”စသည်ဖြင့်ပြောကြားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment