Friday, May 24, 2019

မိုးထိမိုးမိဒေသကို လက်ရှိဝန်ထမ်းအင်အားဖြင့် ထိန်းသိမ်း၍မရခြင်းကြောင့် ရဲတပ်ရင်းတစ်ခု ထပ်တိုးချထားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းဆိုထားပြီး ယင်းဧရိယာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေဟုသိရ

မိုးထိမိုးမိဒေသကို လက်ရှိဝန်ထမ်းအင်အားဖြင့် ထိန်းသိမ်း၍ မရခြင်းကြောင့် ရဲတပ်ရင်းတစ်ခု ထပ်တိုးချထားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းဆိုထားပြီး ယင်းဧရိယာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍဍမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

မေ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိုးထိမိုးမိဒေသနှင့် ပတ်သက်၍ ဝန်ကြီးဌာနက မည်သို့ဆောင်ရွက်နေသလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍဍမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုစီမံခန့်ခွဲမှုအနေနဲ့ကတော့ စောစောက ပြောသလိုပဲ တရားမဝင် ခိုးတူးနေတဲ့ အဖွဲ့တွေ ရှိတယ်ဆိုတာလည်း စောစောက ကျွန်တော်တို့ အဂတိကော်မရှင်နဲ့ ကျွန်တော်တို့အပါအဝင်ပေါ့။ အပေါ်မှာ တက်စစ်တာတွေ ရှိပါတယ်။ ရှိတဲ့အချိန်မှာ ကျွန်တော်တို့ဆီက ဖမ်းဆီးရမိတာက အဲဒီကာလအတောအတွင်းမှာ လူဦးရေ ၁၀ဝ ကျော်ရှိပါတယ်။ ဘက်ဟိုးတွေလည်း မိပါတယ်။ စက်ယန္တရား တွေလည်းမိပါတယ်။ ဒါလည်း ဖမ်းဆီးတဲ့ဟာတွေပါ။ နောက်ထပ်လည်း ကျွန်တော်တို့က ဆက်ပြီး ဖမ်းဆီးနေတဲ့ အနေအထားတွေရှိပါတယ်။ ဧရိယာကျယ်ပြန့်တဲ့အတွက် ကျွန်တော်တို့ဝန်ထမ်းအင်အားရယ်၊ ပြည်သူ့ရဲ အင်အားရယ် ထိန်းသိမ်းလို့မရတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ရဲတပ်ရင်းတစ်ရင်း ထပ်ပြီးချပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။ နောက်တစ်ချက်ကလည်း ကျွန်တော်တို့မှာ အဲဒီဧရိယာအတွင်းကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ နိုင်ငံတော်သယံဇာတတွေ မဆုံးရှုံးအောင်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ဦးမင်းမင်းဦးက ပြောကြားသည်။


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် A တွင် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိခဲ့သည့် ကုမ္ပဏီအနေဖြင့် စာချုပ်ပါစည်းကမ်းများကို လိုက်နာမှုမရှိခြင်းကြောင့် လုပ်ကိုင်ခွင့်ပြုမိန့်ပါမစ်ကို ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် မေ ၁၇ ရက်က ပယ်ဖျက်ခဲ့ပြီး ရွှေလုပ်ကွက်ကြီး A ၏ အကျယ်အဝန်းသည် ဧက ၆၀ဝ၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ယင်းလုပ်ကွက်ကို လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီထံမှ ရွှေကြွေးကျန်များ ရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနမှ သိရသည်။

ဦးမင်းမင်းဦးက “မိုးထိမိုးမိကိစ္စကတော့ ကျွန်တော်တို့က တရားမကြောင်းအရရယ်၊ နောက်တစ်ခါ ပြစ်မှုကြောင်းအရရယ်နှစ်ခု တရားစွဲပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ တရားမကြောင်းအရတော့ ကျွန်တော်တို့က ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ နောက်အထက်အဆင့်ဌာနတွေကို တင်ပြပြီးတော့ ဒီရွှေစင်ပိသာ ၁၂၉၃ ပိဿာကိစ္စနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုဆောင်ရွက်လျက်ရှိပါတယ်။ ဒါကလည်း ရှေ့နေချုပ်ရုံးကနေပြီးတော့ ပြန်ကြားချက်အရ ကျွန်တော်တို့က မန္တလေးတိုင်းဒေသကြီး ဥပဒေရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် တရားစွဲဆိုရာမှာ တရားမကြောင်းအရ ပါဝင်သင့်သူတွေ ပါဝင်အောင်ဆိုပြီးတော့ စွဲဆိုဖို့ညှိနှိုင်းရရှိထားတာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီတရားမကြောင်းအရ စွဲဆိုတဲ့နေရာမှာလည်း ရွှေကြွေးကျန်တွေကို စာရင်းစစ်ချုပ်ရုံးရဲ့ အတည်ပြုချက်ရရှိမှသာ စွဲတင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စာရင်းစစ်ချုပ်ရုံးက အတည်ပြုချက်သည် ကျွန်တော်တို့ ရှေ့အပတ်ထဲလောက်တော့ ထွက်လာမှာရှိပါတယ်။ အဲဒီဥစ္စာနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ တရားမကြောင်းအရ စွဲဆိုမယ့်ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “နောက်တစ်ခုကတော့ ပြစ်မှုကြောင်းအရတော့ ကျွန်တော်တို့က ဦးစိုးထွန်းရှိန်အပါအဝင် ငါးဦးကို တရားစွဲဆို ထားပါတယ်။ တရားစွဲဆိုထားတဲ့ အနေအထားမှာဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ နေရပ်လိပ်စာတွေ၊ ဒီတရားခံငါးဦးရဲ့ နေရပ်လိပ်စာတွေ လိုက်ပြီးတော့ အတည်ပြုရပါတယ်။ အဲဒီတော့ ရှာဖွေဖမ်းဆီးဖို့အတွက် ဖမ်းဆီးရမိခြင်းမရှိတဲ့အတွက် ဖမ်းဝရမ်းအတည်ပြုဖို့ကို ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့ကနေမှ ၁၀ ကြိမ်မြောက် ရုံးချိန်းကို တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ၁၁ ကြိမ်မြောက်ရုံးချိန်းကိုတော့ ကျွန်တော်တို့ ၂၂ ရက် ၅ လ(ဒီကနေ့) မှာ ထပ်ပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးမင်းမင်းဦးက ပြောကြားသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအား ဝန်ကြီးဌာနက စတင်တရားစွဲဆိုသည့်အချိန်တွင် ကုမ္ပဏီဘက်က ဌာနတာဝန်ရှိသူများသည် အဂတိမကင်းကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခြင်းရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပြီးသည့်အချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် တစ်ဦးတည်းကိုသာ တရားစွဲဆိုထားပြီး အခြားအဆင့် အောက်ခြေဝန်ထမ်းများကို အရေးယူထားရခြင်းမရှိကြောင်း၊ ထို့ပြင်ဌာနဆိုင်ရာ အနေဖြင့်လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူထားရခြင်းမရှိကြောင်း ဦးမင်းမင်းဦးက ဆိုသည်။

No comments:

Post a Comment