Friday, May 24, 2019

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးခုတွင် အပူရှောင်စခန်း၂၀ ဖွင့်လှစ်ပေးထားဟုသိရ

နေအပူရှိန်မြင့်တက်လာနေမှုကြောင့် ပြည်သူများ အနားယူနိုင်ရေးအတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်တို့တွင် အပူရှောင်စခန်း၂၀ ဖွင့်လှစ်ပေးထားကြောင်း တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း နေ့အပူရှိန်မြင့်တက်နေမှုကြောင့် အချို့မြို့နယ်များတွင် ထိုင်နေကြသည့်ပြည်သူအချို့ သေဆုံးမှု နှင့် ဆေးဝါးကုသခံယူနေရသူများလည်း ရှိနိုင်ကြောင်း ゞင်းက ဆိုသည်။



“ကျွန်တော်တို့စစ်ကိုင်းတိုင်းထဲမှာ အပူရှောင်စခန်း ၂၀ တည်ဆောက်ထားတယ်။ အဲဒီအပူရှောင်စခန်းတွေမှာ ကလေးတွေကအစ လူကြီးတွေကပါလာပြီး အနားယူကြတယ်။ နေအပူရှိန်မြင့်တက်ခဲ့တဲ့အတွက် အချို့မြို့နယ်တွေမှာ သေဆုံးမှုတွေရှိနိုင်တယ်။ ပြီးရင်ဆေးရုံအချို့မှာလည်း ဆေးကုသခံယူနေရတဲ့ လူနာတွေလည်း ရှိတယ်။ ဒီအကြောင်းကတော့ တိုင်းကျန်းမာရေးဘက်ကတော့ ပိုပြီးသိနိုင်တယ်။ ကျွန်တော်တို့ဆီကို အသေးစိတ်တင်ထားတာတော့ မရှိဘူး။ အကြမ်းဖျင်းကတော့ သေဆုံးသူတွေရှိတယ်။ ဆေးရုံအချို့မှာ ဆေးကုသမှုခံယူနေတာတွေ ရှိတယ်လို့တော့ သိရတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။ မုံရွာ၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်အတွင်းရှိ အပူရှောင်စခန်း၂၀ တို့တွင် လာရောက်အနားယူသူ တစ်နေ့လျှင် ရာနှင့်ချီရှိကြောင်း ထို့ပြင် အပူရှောင်လာကြသူများကို အလှူရှင်များက စတုဒိသာကျွေးမွေးမှုများလည်းရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အပူရှောင်စခန်း ၂၀ မှာ မုံရွာမြို့နယ်တွင် အပူရှောင်စခန်း ငါးခု၊ ဆားလင်းကြီးမြို့နယ်တွင် အပူရှောင်စခန်း ခုနစ်ခု၊ ပုလဲမြို့နယ်တွင် အပူရှောင်စခန်းရှစ်ခု စုစုပေါင်း အပူရှောင်စခန်း ၂၀ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment