Friday, May 24, 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍဍာနှစ်ခြောက်လအတွင်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်နှင့် နှစ်လဆက်တိုက် ခုနစ်ရာခိုင်နှုန်းကျော် ရှိနေ

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်၊ နှစ်လဆက်တိုက် ခုနစ်ရာခိုင်နှုန်းကျော်ဖြစ်နေပြီး ခန့်မှန်းနှုန်း ထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၂ ဒသမ ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍဍာနှစ်အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ဝ၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း အထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ ၁၂ လ ဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉  ခုနှစ် မတ်အထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၂ လဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် မျှော်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် မတ်လအတွင်းဖြစ်ပေါ်ခဲ့သော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်သည်။


၂၀၁၉ ခုနှစ် မတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၂၈ ရာခိုင်နှုန်းရှိပြီး ဒီဇင်ဘာလငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်းအနည်းငယ် ဆက်လက်မြင့်တက်လာကြောင်းနှင့် ငွေကြေးဖောင်းပွမှု နှုန်း ၁၂ လဆက်တိုက် ပြန်လည်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေး      ဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် လေးရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ဇူလိုင်မှ စက်တင်ဘာ လအတွင်း ငါးရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ခြောက်ရာခိုင်နှုန်း ကျော်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လနှစ်လဆက်တိုက် ခုနစ်ရာခိုင်နှုန်းကျော်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း အနိမ့်ဆုံးပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ဝ၃ ရာခိုင်နှုန်း (မတ်လ) နှင့် အမြင့်ဆုံးပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈၆ ရာခိုင်နှုန်း (ဒီဇင်ဘာလ) နှိုင်းယှဉ် ပါက ၁၀ လအတွင်း ၂ ဒသမ ၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် မတ်လအထိ တစ်နှစ် ပျမ်းမျှ ၇ ဒသမ ၂၈ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၁ ဒသမ ဝ၆ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မွန်ပြည်နယ်တွင် ၉ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ဝ၇ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၃ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့်  ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နို ဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ် ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀ဝ၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ်အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment