Friday, May 24, 2019

လေပြင်း တိုက်ခတ်မှုကြောင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘုန်းကြီးကျောင်း ငါးကျောင်း၊ လူနေအိမ်ခြေ ၁၄၀ ကျော်၊ စာသင်ကျောင်းဆောင် ငါးဆောင် အမိုးလန် ပျက်စီးဆုံးရှုံး

လေပြင်း တိုက်ခတ်မှုကြောင့် မလှိုင်မြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏ)ေမ ၂၂ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  မလှိုင်မြို့နယ်အတွင်းရှိ ယာကြီးကုန်း ကျေးရွာအုပ်စု၊ လျှော်ကန်ကျေးရွာတွင် အိမ်ခြေ ၄၉ လုံး၊ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ယာကြီးကုန်းကျေးရွာတွင် အိမ်ခြေ ၁၉ လုံး၊ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သဘွတ်ရုံကျေးရွာတွင် အိမ်ခြေ ၁၃ လုံး၊ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သြဇာခြံကျေးရွာတွင် အိမ်ခြေ ၂၄ လုံး၊ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊
ဂွေးညိုဝင်းကျေးရွာတွင် အိမ်ခြေ လေးလုံး၊ မိတ်ကုန်းကျေးရွာတွင် အိမ်ခြေ သုံးလုံး၊ ရေပေါ်ကျေးရွာတွင် အိမ်ခြေ ၂၄ လုံး၊ တောင်ရိုးတဲ ကျေးရွာတွင် အိမ်ခြေ သုံးလုံး၊ လယ်ဗျားကျေးရွာတွင် အိမ်ခြေ ခုနစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ခေါင်တောကုန်း ကျေးရွာတွင် အိမ်ခြေ နှစ်လုံး စုစုပေါင်း ဘုန်းကြီးကျောင်း ငါးကျောင်း၊ စာသင်ဆောင် ငါးဆောင်နှင့် လူနေအိမ်ခြေ ၁၄၈ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဒေသခံများ အခက်အခဲ တွေ့နေရကြောင်း သိရသည်။ “မနေ့က လေတိုက်သွားလို့  ပျက်စီးဆုံးရှုံးမှုက အိမ်ခြေ ၁၄၈ လုံး ရှိတယ်။ စာသင်ကျောင်းဆောင် ငါးဆောင်နဲ့ ဘုန်းကြီးကျောင်း ငါးကျောင်း ပျက်ဆီး ဆုံးရှုံးတယ်။ မနေ့ညက ကျွန်တော်တို့ရုံးကို သတင်းပို့တဲ့ အခြေအနေက လူထိခိုက်တာ မရှိပါဘူး။ သစ်ပင်ပိလို့ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ကြားမိတယ်။ အဲဒါလေးတော့ စိစစ်နေတယ်။  အများဆုံး ပျက်စီးတာက လျှော်ကန်ကျေးရွာပေါ့။ လေပြင်းတိုက်တဲ့ အချိန်က ညနေ ၃ နာရီ မိနစ် ၃၀ လောက်က မှန်းတာပေါ့။ မိုးက မလှိုင်မြို့ပေါ်တော့ သိပ်မဟုတ်ဘူး။ လေမိုးက ကျေးရွာတွေမှာ ပိုတိုက်သွားတယ်။ အသေးစိတ် စာရင်းတွေ ထပ်ကောက်ဖို့ ပြောထားတယ်။ မနေ့က မိုးနဲ့ လေနဲ့ ညဘက်ဆိုတော့ အခက်အခဲရှိတော့ သိပ်အတိအကျ မရလိုက်ဘူး။ အခု မနက်ကျတော့ အိမ်ပျက်စီးမှုကို အသေးစိတ်ပေါ့။ သွပ်ဆို ဘယ်နှစ်ချပ် ပါသွားလဲ။ တိုင်ဆို ဘယ်လောက် ပါသွားလဲ။ အသေးစိတ်လေး စာရင်းကောက်ခိုင်းထားပါတယ်”ဟု မလှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက မေ ၂၃ ရက် မွန်းလွဲပိုင်းက ဆိုသည်။

“လေပြင်း တအား တဝေါဝေါ တိုက်လာတယ်။ လေအရှိန် အရမ်းပြင်းလာပြီး မိုးသီးမိုးပေါက် ကျလာတယ်။ မိုးသီးမိုးပေါက်နဲ့အတူ သွပ်တွေ လန်ကျပြီး လမ်းကြားတွေမှာ သွပ်တွေ ကျကုန်တယ်။ လူတွေလည်း ကြောက်လန့်ပြီး ခုတင်အောက် ဝင်ပုန်းနေရတယ်။ တချို့လည်း နီးရာကို ပတ်ထွက် ရှောင်တိမ်းနေရတယ်။ ပျက်စီးဆုံးရှုံးမှုက တော်တော်များတယ်” ဟု လျှော်ကန်ကျေးရွာနေ ဒေါ်ရီက ပြောကြားသည်။

No comments:

Post a Comment