Friday, May 24, 2019

ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦးရေ ၁၅၀ ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အရာထမ်း ၈၀ ကျော် ပါဝင်ဟုဆို

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈ အရ အရာထမ်းများ ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦး ရေ ၁၅၀ ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အရာထမ်းဦးရေ ၈၀ ကျော်ပါဝင်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောကြားသည်။မေ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံ့ဝန်ထမ်း အရာထမ်းများ ပြောင်းရွှေ့ခန့်ထားခြင်းနဲ့ပတ်သက်လို့ တင်ပြမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနအဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်းကတော့ ကျွန်တော် တို့ အရာထမ်းဦးရေ ၆၈ ဦး ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အီးအေများ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အစည်းသို့ ပြောင်းရွှေ့ခြင်းက ၂၂ ဦးဖြစ်ပါတယ်။ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်တမ်းဝင်အရာရှိများ တောင်းခံတာကတော့ ၆၀ ဦးဖြစ်ပါတယ်။ စုစုပေါင်း ၁၅၀ ဦးဖြစ်ပါတယ်”ဟု ဦးစောဗယ်လင်တိုင်းက ပြောကြားသည်။နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈ အရ အရာထမ်းများဌာန ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဆောင်ရွက်မှုများတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ရွှေပြောင်းခြင်း အဖြစ် ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၁၉ ခုမှ အ ဆိုပြုချက် ၄၂ ချက်ရှိပြီး ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦးရေ ၆၈ ဦးရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အီးအေများ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အစည်းသို့ပြောင်း ရွှေ့ခြင်းအဖြစ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းခုနစ်ခုမှ အဆိုပြုချက် ခုနစ်ချက်ရှိပြီး ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦးရေ ၂၂ ဦး ရှိကြောင်း၊ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်တမ်းဝင်အရာရှိများ တောင်းခံခြင်းအဖြစ် ဝန်ကြီးဌာန၊ အဖွဲ့အစည်းခုနစ်ခုမှ အဆိုပြုချက် ၁၄ ချက် ရှိခဲ့ပြီး ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦး ရေ ၆၀ ရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရသည်။တပ်မတော်ဘက်မှ ဝန်ကြီးဌာနဘက်သို့ ပြောင်းရွှေ့ရာတွင် မည်သည့်ဌာနများသို့ အများဆုံးပြောင်းရွှေ့ပြီး ဝန်ကြီးဌာနဘက်မှ အဆိုပြုတင်ပြရာတွင် မည်သည့်ဝန်ကြီးဌာနက အများဆုံးအဆိုပြုတင်ပြသလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “အများဆုံးကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို ပြောင်းတာများပါတယ်။ ဒုတိယအများဆုံးကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပေါ့။ အခုအဲဒီမှာ အပိုင်းအောက်က နှစ်ပိုင်းရှိပါတယ်။ အပေါ်ကတော့ ကျွန်တော်တို့ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၈ အရ ဝန်ကြီးဌာနတစ်ခုကနေ တစ်ခုပြောင်းတဲ့ဟာပါ။ အပိုင်း ၂  ကကျတော့ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက နေပြီးတော့မှ တိုက်ပွဲမှာဒဏ်ရာရတဲ့ အီးအေအရာရှိတွေပြောင်းတာရှိပါတယ်။ နောက်တတိယအမျိုးအစားကတော့ ကျွန်တော်တို့ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက နေပြီးတော့မှ လိုအပ်ချက်အရခေါ်တာပါ။ ဟိုဘက်က ပြောင်းလာတာမဟုတ်ပါဘူး။ ဒီကနေပြီးတော့မှ လိုအပ်ချက်အရ ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေအရ ခေါ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၈ အရ အဆင့်ဆင့် ကျွန်တော်တို့ နိုင်ငံတော်သမ္မတအထိ တင်ပြပြီးတော့မှ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်တယ်။ စိစစ်ပြီးတော့မှ ပြောင်းသင့်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုသာလျှင် ကျွန်တော်တို့ သက်ဆိုင်ရာဌာနအလိုက် ပြောင်းခွင့်ပေးတာဖြစ်ပါတယ်။ အဲဒီမှာလည်းပဲ သတ်မှတ်ချက်သုံးခုရှိပါတယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ပြောကြားသည်။ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိများအား နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့သည့် ညွှန်ကြားချက်တွင် ပြောင်းရွှေ့တာဝန်ပေးအပ်လိုသည့် ရာထူးနေရာတွင် ပညာရပ်ဆိုင်ရာ လိုအပ်ချက်အရ ဌာနတွင်းမှ လက်ရှိဝန်ထမ်းများကို တာဝန်ပေးအပ်ရန် အဆင်သင့်မရှိခြင်း၊ ပြောင်းရွှေ့တာဝန်ပေးအပ်မှုကြောင့် ဌာနတွင်းမှ လက်ရှိဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးကို အဟန့်အတားမဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက အာမခံချက်ပေးနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အုပ်ချုပ်မှုခက်ခဲသည့် ကန့်သတ်ဒေသများ၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် လုပ်ငန်းနှင့်ကိုက်ညီသည့် တာဝန်များပေးအပ်လိုခြင်းစသည့် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment