Friday, May 24, 2019

ကရင်နီလူငယ် ခြောက်ဦး တရားစွဲခံရမှုအပေါ် ရှုတ်ချခြင်း အပါအဝင် ကြေညာချက် ထုတ်သောကြောင့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂကော်မတီဝင် ကျောင်းသား ကျောင်းသူများ ကျောင်းတွင်း စည်းကမ်းချက်များအား သိရှိကြောင်း လက်မှတ် ရေးထိုးခဲ့ရ

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပြဿနာကြောင့် ကရင်နီလူငယ် ခြောက်ဦးအား တရားစွဲခံရမှုအပေါ် ရှုတ်ချမှု အပါအဝင် ကြေညာချက် ထုတ်သောကြောင့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ကော်မတီဝင် ကျောင်းသားကျောင်းသူများ မေ ၂၂ ရက်တွင် ကျောင်းတွင်း စည်းကမ်းချက်များအား သိရှိကြောင်း  သွားရောက် လက်မှတ်ရေးထိုးရသည်ဟု ကျောင်းသားများထံမှ သိရသည်။ “ကျွန်တော်ရယ် အံ့ကျော်ရယ် ဒီရက်ထိုးရတယ်။ မော်ကွန်းထိန်းနဲ့ ကျောင်းအုပ်တို့ ရှေ့မှာ။ သူတို့က စည်းကမ်းချက် ၁၂  ချက် ဖတ်ပြတယ်။ အကုန် မမှတ်မိဘူးဗျ။ ဘာအမှုမဆို ပုဒ်မ တပ်ခံရရင် ကျောင်း ထုတ်မယ်ပေါ့” ဟု ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ကွန်ပျူတာ တတိယနှစ် ကျောင်းသား ခွန်းရီဘဲတို က ပြောကြားသည်။



ထို့ပြင် အခြား လွိုင်ကော်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းတွင် ခံဝန် လာရောက် ထိုးရန်အတွက် အိမ်များသို့ ဖုန်းဆက် အကြောင်းကြားထားသည်ဟု သိရသည်။
မေ ၁၉ ရက်တွင် ပြုလုပ်သော ကယားပြည်နယ် ကျောင်းသားသမဂ္ဂ၏ ခြောက်လပတ် အစည်းအဝေးတွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်စဉ်နှင့် ပတ်သက်သည့် သဘောထားများ ပါဝင်ကြောင်း သိရသည်။

ကြေညာချက် ပထမအပိုဒ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနှင့် လူငယ်များအပေါ် ကတိမတည်မှုအပေါ် ကန့်ကွက် ရှုတ်ချကြောင်း ရေးသားထားသည်။

ဒုတိယပိုဒ်နှင့် တတိယပိုဒ်တွင် အစိုးရက အခြေခံ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ရပိုင်ခွင့်များကို ဒေသန္တရ အမိန့်များဖြင့် ထုတ်ပြန်ခြင်းသည် လည်းကောင်း၊ ကြေးရုပ်တု ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူငယ် ခြောက်ဦးအား တရားစွဲဆိုခြင်းအပေါ် လည်းကောင်း ကန့်ကွက် ရှုတ်ချသည်ဟု ရေးသားထားသည်။

ကြေညာချက် စတုတ္ထအပိုဒ်တွင် အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်တော့မည့် အချိန်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုများသည် မငြိမ်သက်မှု အခြေအနေသို့ ဦးတည်နေပြီး ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက် နစ်နာစေမည် ဖြစ်သည့်အပြင် ကယားပြည်နယ်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပျက်ပြားစေပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ထိခိုက်စေသည်ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။

နောက်ဆုံးအပိုဒ်တွင် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ ကျောင်းသားထုအကျိုးနှင့် ပြည်သူလူထု အကျိုးတို့ကို ရှေးရှု၍ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ရွှေ့ပြောင်းပေးရန်၊ လူငယ် ခြောက်ဦးအား တရားစွဲဆိုမှုနှင့် ဒေသန္တရ အမိန့်များအား ရုပ်သိမ်းပေးရန် စသည်တို့ကို နိုင်ငံတော် အစိုးရနှင့် ပြည်နယ် အစိုးရအား ကယားပြည်နယ် ကျောင်းသားသမဂ္ဂက တောင်းဆို အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

No comments:

Post a Comment