Friday, May 24, 2019

ရထားစက်ခေါင်းရုံဝင်းအတွင်း မီးလောင်မှုကြောင့် ၀န်ထမ်းအိမ်ရာ ၁၄ လုံးဆုံးရှုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် ရှိ ရထားစက်ခေါင်း ရုံဝင်းအတွင်း ယမန်နေ့က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ပြီး ၀န်ထမ်းအိမ်ရာ ၁၄ လုံး ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။ မေလ ၂၃ ရက် မွန်းတည့် ၁၂နာရီခန့်၌ ရထားစက်ခေါင်း ရုံဝင်းအတွင်းရှိ မြေစိုက်၊ ထရံကာ သွပ်မိုးနေအိမ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ကူးစက်  လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြသည်။
မီးစတင် လောင်ကျွမ်းသည့်အချိန် တွင် ယင်းနေအိမ်၌ လူမရှိကြောင်းမန္တလေးခရိုင်  မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောသည်။ အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုးထရံကာ တစ်ထပ်နေအိမ် ၁၄ လုံး ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၉ သိန်းကျော်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်မှုမှာ မိနစ် ၃၀ ခန့်ကြာ မြင့်ပြီး မီးငြှိမ်းသတ်ယာဉ် ၇၀၊ သန္ဓေတပ်ဖွဲ့ဝင် ၁၅၀ နှင့် အရန်တပ်ဖွဲ့ဝင် ၂၅၀ တို့က ငြှိမ်းသတ် ခဲ့ကာ မီးဘေးသင့်ပြည်သူ ၇၁ ဦးရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

‘‘ဖြစ်သွားတာကတော့ မီးရထားက ဝန်ထမ်းအိမ်ရာ လိုင်းခန်းတွေ။ အဲဒီအိမ်ရာမှာလည်း မီးဘေးအတွက် ဘာမှကြိုတင်ပြင်ဆင်ထားတာ မရှိဘူး။ မီးသတ်ငုတ်လည်း မရှိဘူး၊ မီးသတ်ဆေးဘူးလည်း မရှိဘူး။ အိမ်တိုင်းမှာမီးသတ်ဆေးဘူး မရှိရင်တောင်သုံးအိမ်မှာ တစ်ဘူးလောက်က ရှိသင့်တယ်။ အဲဒီအတွက်လည်းအိမ်တိုင်းမှာ မီးသတ်ဆေးဘူး ထားဖို့ ကျွန်တော်တို့ စီမံချက်နဲ့လုပ်နေပါတယ် ’’ဟု မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် က ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ စတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင်ကို သက်ဆိုင်ရာနယ်မြေ ရဲစခန်းက ပုဒ်မ ၂၈၅ ( မီးလောင် စေမှု)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေသည်။ အဆိုပါ ရပ်ကွက်တွင် ဧပြီ၂၇  ရက်က ပလတ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃၁ လုံး၊  တန်ဖိုးကျပ်သိန်း ၂၃၀ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

No comments:

Post a Comment