Friday, May 24, 2019

စမ်းချောင်းမြို့နယ်ရှိ ပင်မ မြေအောက် ရေမြောင်းအတွင်းမှ အမှိုက်ဆယ်ယူမှု နောက် နှစ်ရက်ခန့်အကြာတွင် ပြီးစီးမည်ဖြစ်ပြီး တိမ်ကောနေသော အောင်ချမ်းသာ ရေမြောင်းကို ဆက်လက် ဖော်မည်

မေ ၂၃ ရက်က စမ်းချောင်းမြို့နယ်ရှိ ပင်မ မြေအောက် ရေမြောင်းအတွင်း အမှိုက်များ ဆယ်ယူနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)စမ်းချောင်းမြို့နယ်ရှိ ပင်မ မြေအောက် ရေမြောင်းအတွင်းမှ အမှိုက်များ ဆယ်ယူမှု  နောက် နှစ်ရက်ခန့် အကြာတွင် ပြီးစီးမည်ဖြစ်ပြီး တိမ်ကောနေသော အောင်ချမ်းသာ ရေမြောင်းအား ဆက်လက် ဖော်ထုတ်မည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မေ ၂၃ ရက်တွင် သိရသည်။ ထို့ပြင် ပေ ၁၆၀ဝ ခန့် ရှည်လျားသော မြေအောက် ရေမြောင်းအတွင်းမှ အမှိုက်များ ဆယ်ယူရာတွင် ရေသန့်ဘူးခွံနှင့် အရက်ပုလင်းများ အများဆုံး တွေ့ရပြီး အမှိုက်ကား အစီး ၃၀ စာခန့် ဆယ်ယူရရှိပြီး ဖြစ်ကြောင်း သိရသည်။


စမ်းချောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၁) ဦးညီညီမြင့်မြတ် က “တကယ်လို့ ဒီအမှိုက်တွေ ဆယ်ပြီးသွားပြီ ဆိုရင်တောင်မှ ဒီအောင်ချမ်းသာ မြောင်းကြီးက တိမ်ကောနေတယ်။ အဲ့ဒါကြီးကို ဆက်ပြီး ဖော်ထုတ်ဖို့ ရှိတယ်။ ဘာဖြစ်လို့လဲဆို အောင်ချမ်းသာမြောင်း တိမ်ကောနေတဲ့ အတွက်ကြောင့်လည်း ရေကြီးရေလျှံမှုက ဆက်ဖြစ်လာနိုင်သေးတယ်။ အဲဒါကြောင့် ဒီမြောင်းကြီးကို ဆက်ပြီး ဖော်ထုတ်ဖို့ ရှိတယ်”ဟု ပြောကြားသည်။


စမ်းချောင်းမြို့နယ်သည်  အချိန်ကြာ မိုးသည်းထန်းစွာ ရွာသွန်းပါက ရပ်ကွက်အတွင်း လမ်းများ၊ ကားလမ်းများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပြီး ထိုသို့ မဖြစ်ပွားစေရန် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များကို  မေ ၁၆ ရက် ကတည်းက ဆယ်ယူနေခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ် ရေစီးရေလာအဖွဲ့၏ တာဝန်ခံ ကိုအောင်ကိုမင်းက “မနက်ဖြန်၊ သန်ဘက်ခါဆို ပြီးပါပြီ။ စနေနေ့ဆို ပြတ်ပြီ။ ကျွန်တော်တို့ မျောတာပဲ နည်းနည်း ကြာနေတာ။ ဟိုဘက်က အမှိုက်မျှောချတဲ့ အဖွဲ့က မြန်တယ်။ ကျွန်တော်တို့ ပြန်ပြီး ဆွဲထုတ်ရတဲ့အဖွဲ့က နည်းနည်းလေး ကြာတယ်။ ရေကလည်း တက်နေတော့ မျှောရတာ နည်းနည်း ခက်တယ်”ဟု ပြောကြားသည်။

ပင်မ မြေအောက် ရေမြောင်းအတွင်းမှ အမှိုက်များသည် နှစ်ပေမှ လေးပေခန့်ထိ ထုရှိပြီး လူအင်အားဖြင့် ဖယ်ရှား ရှင်းလင်းနေရခြင်းဖြစ်ရာ အမှိုက်များ ဆယ်ယူမှု ပြီးစီးကာ ရေစီးရေလာ ကောင်းမွန်သွားပါက ရေကြီးရေလျှံမှု လျော့ကျ သွားမည် ဖြစ်ကြောင်း သိရသည်။

စမ်းချောင်း တောင်ရပ်ကွက်၊ အောင်ချမ်းသာ ရေမြောင်းကြီးအနီးရှိ တိုက်တွင် နေထိုင်သော ဒေါ်ခင်သီတာအောင်က “အရမ်းကျေးဇူးတင်တယ်။ အရမ်းလည်း ဝမ်းသာတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို လုပ်လိုက်တဲ့အတွက် ဒီပတ်ဝန်းကျင်မှာ နေတဲ့သူတွေအတွက် ရေကြီးရေလျှံမှုဒဏ် ဒုက္ခကင်းသွားမယ်လို့ ထင်တယ်။ အခုလို ဆယ်ယူပေးတဲ့ သူတွေကိုရော၊ စီစဉ်ပေးတဲ့ သူတွေကော ကျေးဇူးတင်တယ်။ အရင်တုန်းက အခုလိုမျိုး အင်နဲ့အားနဲ့ လာလုပ်တာမျိုး မရှိဘူးပေါ့နော်။ ရေကြီးရင် ဒူးခေါင်းလောက်ထိ တက်တယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ရေတက်ရင် အရမ်းဒုက္ခရောက်ပါတယ်” ဟု ပြောကြားသည်။

အမှိုက်ဆယ်ယူသည့် ဝန်ထမ်းများသည် ခေါင်းပတ် ဓာတ်မီးများ တပ်ဆင်ကာ ရေမြောင်း၏ အတွင်းထဲသို့ ဝင်ရောက်ပြီး  ခေါင်းပေါ်ရုံဖြင့် အမှိုက်များကို ဆယ်ယူနေရခြင်းဖြစ်ပြီး ထိုသို့ ဆယ်ယူရာတွင် အောက်ဆီဂျင် ပြတ်လပ် မရှိစေရန် မော်တာဖြင့် စက်လည်ပတ်ကာ မြောင်းထဲသို့ အောက်ဆီဂျင် ပို့ပေးထားကြောင်း သိရသည်။

ထိုသို့ ဆယ်ယူရာတွင်  ဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ် နီးကပ်စွာ ဆယ်ယူနေရခြင်းဖြစ်ပြီး ဌာနမှ လိုအပ်သည်များ ပံ့ပိုးထားကြောင်း၊  ပြင်ပမှ စေတနာရှင် ပြည်သူများကလည်း သောက်ရေသန့်၊ အားဖြည့် အချိုရည်နှင့် အစားအသောက်များ လာရောက် လှူဒါန်းကြကြောင်း သိရသည်။

No comments:

Post a Comment