Friday, May 24, 2019

ပဏာမ မြန်မာ ယူ-၂၃ အသင်းတွင် စစ်ကိုင်းကွင်းလယ်လူ မျိုးမင်းဖြိုးကို အားဖြည့်

 နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်းတွင် စစ်ကိုင်းအသင်းကွင်းလယ်လူ မျိုးမင်းဖြိုးကို အားဖြည့်ခေါ်ယူကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာ ယူ-၂၃ အသင်းသည် မတ်လနောက်ဆုံးပတ်က ယှဉ်ပြိုင်သည့် အာရှယူ-၂၃ ခြေစစ်ပွဲ အပြီးတွင် လေ့ကျင့်မှုများ ရပ်နားထားပြီး နိုင်ငံတကာ ခြေစမ်းပွဲများ အတွက် မေလ ၂၁ ရက်က ပြန်လည် လေ့ကျင့်နေသည်။



ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်းသည် မေလ ၃၀ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ တောင်ကိုရီးယားကလပ် ပိုဟန်းစတီးလားအသင်း၊ ဇွန်လ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဗီယက်နမ် ယူ-၂၃အသင်းတို့နှင့် ခြေစမ်းမည် ဖြစ် သည်။

ပဏာမ မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့က ဆောင်ရွက်နေပြီး မျိုးမင်းဖြိုး အပါအ၀င် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်နေကာ ဗီယက်နမ်နှင့် ခြေစမ်းပွဲသို့ ကစားသမား ၂၀ ဦး ခေါ်ဆောင်မည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူကဆိုသည်။

‘‘ဗီယက်နမ်ကို ဇွန်လ ၅ ရက် သွားမှာဆိုတော့ အဲဒီရက် မတိုင်ခင်မှာ အပြီးသတ်၂၀ ဦးစာရင်းကို ထုတ်ပြန်သွားမှာပါ။ အခုက ဒီခြေစမ်းပွဲ နှစ်ပွဲအတွက်ပဲ အဓိကထား ပြင်ဆင်နေပါတယ်။ ဒါပြီးတာနဲ့ ကစားသမားတွေက ပြည်တွင်းလိဂ်ပြိုင်ပွဲ ရှိတဲ့အတွက် လေ့ကျင့်မှု ပြန်ရပ်နားထားမှာပါ’’ ဟု မြန်မာယူ-၂၃ အသင်းတာဝန် ရှိသူက ပြောသည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲအဖြစ် နိုဝင်ဘာတွင် ဖိလစ်ပိုင်နိုင်ငံ ၌ ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင်  ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments:

Post a Comment