Friday, May 24, 2019

ယခုနှစ်နွေရာသီ ပူပြင်းသဖြင့် အင်းလေးကန်တွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော် ရေခန်းခြောက်နေပြီး သွားလာရေးခက်ခဲမှုကြုံတွေ့နေ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ယခုနှစ် နွေရာသီအလွန်ပူပြင်းသဖြင့် အင်းလေးကန်တွင်းရှိ ကျေး ရွာပေါင်း ၃၀ ကျော် ရေခန်းခြောက်နေပြီး သွားလာရေးခက်ခဲမှုကြုံတွေ့နေကြောင်း မေ ၂၂ ရက်တွင် ဒေသခံများထံမှ သိရသည်။ အင်းလေးကန်ရေပြင်ကျယ်နေရာ အင်းပေါခုန်နှင့် ညောင်ဝန်းကျေးရွာကြီး နှစ်ရွာသာ ရွာတွင်းသွားလာရန်အဆင်ပြေပြီး အခြားသော ကျေးရွာပေါင်း ၃၀ ကျော်တို့တွင် ကျေးရွာတွင်း ရေခန်းခြောက်နေခြင်းကြောင့် သွားလာရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။



အင်းလေးကန်အတွင်း ရေခန်းခြောက်ပြီး သွားလာရေးခက်ခဲသော ကျေးရွာများမှာ ငဖယ်ချောင်း၊ ကေလာဇရပ်ကြီး၊ အင်းခြံ၊ လယ်သစ်၊ မြွပွေး၊ သာလေး၊ ရွာကြီးရှေ့၊ ကြာတော၊ ဆည်ခေါင်း၊ တောင်ပို့နီ၊ အင်း ပေါခုံ၊ ဟဲခမ်း၊ ရွာကြီးအထက်၊ ရွာကြီးအလယ်၊ ရွာကြီးအောက်၊ အင်းပေါခုံရွာသစ်၊ ချောင်းကန့်၊ ကျောက်တော၊ ကန်ခေါင်း၊ ဟပ် ပုံး၊ ဟဲလုံ၊ ရေတန်း၊ ရေသာ၊ ရေကာ၊ မိုင်းပျိုးသိမ်ထောင့်၊ ဆီဆုံ၊ မကျဉ်းဆိပ်စသဖြင့် ကျေးရွာများဖြစ်ပြီး အတွင်းပိုင်းကျရောက်ကာ ရေ ခန်းနေသေးသောကျေးရွာများစွာ ကျန်သေ ကြောင်း သိရသည်။


“အခု အင်းလေးကန်အလယ်မှာနေတဲ့ ရွာပေါင်း ၃၀ ကျော်လောက်တော်တော်လေး ဒုက္ခရောက်ပါတယ်။ မတ်လလောက်ကနေ စပြီးတော့ အခက်အခဲရှိပါတယ်။ ဘာကြောင့် ရေခန်းလဲဆိုရင် နုန်းတွေ ဆင်းလာတာလည်းပါတယ်။ ရေအဝင်နည်းတာလည်းပါတယ်။ စက်လှေတွေများလာတဲ့အတွက် ရေစီးထွက်တဲ့ ချောင်းတွေ  နက်ကျပြီး ရေထွက်နုန်းများ ပြီးတော့ ရေခန်းတာလဲပါတယ်။ အင်းလေးကန် ထိန်းသိမ်းဖို့ဆိုရင်နုန်းတွေ မကျဖို့ အမြန်ဆုံး တားဆီးရပါမယ်။ မိုးများအောင် ပြန်လုပ်ဖို့ တော်တော်ခက်မယ်။ သစ်ပင်စိုက်မယ်ဆိုရင်တောင် နှစ်ပေါင်း ၂၀ လောက်ကြာဦးမယ်။ မိုးရာသီမှာ ရေသိုလှောင်တဲ့စနစ်နဲ့ အင်းလေးကန်ကြီးကို မိုးရာသီမှာ ရေသိုလှောင်ပြီးတော့ နွေရာသီမှာ ကိုယ်လိုချင်တဲ့ ပမာဏကို ထိန်းထားနိုင်တဲ့စနစ်နဲ့ လတ်တလော ကုစားချင်တယ်” ဟု Save The Inla Lake အဖွဲ့ဝင် ဦးညီညီထွန်းက ပြောကြားသည်။

အင်းလေးကန်ရှိ ကျေးရွာပေါင်း ၅၀ ခန့်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး၊ ကျေးပေါခုံအုပ်စု၊ ကန်ခေါင်းကျေးရွာတွင် ရေခန်းပြီး ကုန်းမြေပေါ်နေသဖြင့် မီးရေးထင်းရေး စိုးရိမ်နေရပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် တောများရှင်းလင်းမီးရှို့ခြင်းများကိုသာ ပြုလုပ်ထားရကြောင်း ကန်ခေါင်းကျေးရွာမှ ဦးကျော်ဝေက ပြောကြားသည်။

“ကျေးရွာမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ ရေနည်းပြီးတော့ မတ်လကနေစပြီး သွားလာလို့ မရဘူး။ တစ်လမ်းပဲသွားလို့ လာလို့ရတဲ့ အခြေအနေကို ရောက်နေပြီ။ အိမ်ကြိုအိမ်ကြားတွေ မှာ သွားလို့ မရတော့ဘူး။ ရွံ့နွံတွေနဲ့ မရတော့ဘူး။ တံတားထိုးပြီးတော့ သွားလာနေရတယ်။ တော်တော်များများတော့ ခြောက်တယ်။ အင်းလယ်မှာ ကေလာတို့ ဇရပ်ကြီးတို့ ရေနက်တဲ့အပိုင်းလောက်ပဲ သွားလို့ လာလို့ရမယ်။ ကျန်တဲ့ ရွာတွေ ရွာလယ်လမ်းတွေ သွားရေးလာရေး ခက်ခဲနေတယ်။ ရွာတော် တော်များတယ်။ လေး ငါး ခြောက်ဆယ်လောက်ရှိမယ်”ဟု ကျေးပေါခုံအုပ်စု ကန်ခေါင်းကျေးရွာနေ ဦးကျော်ဝေက ပြောကြားသည်။

အင်းလေးကန်တွင်းသို့ အဓိက ချောင်းကြီး လေးချောင်း စီးဝင်ကြပြီး ချောင်းလက်တက် ၂၉ ချောင်းကလည်း စီးဝင်ကြောင်း၊ အချို့ချောင်းသွယ်များမှာ မိုးရွာသီမှာပင် စီးဆင်းပြီး နွေရာသီတွင် ရေခန်းသွားကြောင်း၊ ယခုအခါ သန်းတောင်နှင့် အင်းတိန်စသော ချောင်းကြီး နှစ်ချောင်းသာ ကောင်းကောင်းစီးဝင်တော့ပြီး တာယော်ချောင်း လုံးဝမစီးတော့ ဘဲ၊ သလဲဦးချောင်းအနည်းငယ်သာ စီးဝင်တော့ကြောင်း၊ ချောင်းလက်တက်ငယ်များသည် ခန်းခြောက်ကုန်သဖြင့် ရေအဝင် နည်းပါးသောကြောင့် ရေခန်းခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးကန်သည် ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင်ရေခန်းခြောက်ခြင်းကြောင့် ခရမ်းချဉ်သီး ကျွန်းမျောပင်များ ရွာတိုင်းတွင် ပျက်စီးခဲ့ပြီး တစ်အင်းလုံး အတိုင်းအတာအားဖြင့် ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း၊ ရေခန်းခြောက်ခြင်းကြောင့် ခရီးသွားဧည့်သည်များ အဝင်နည်းပြီး၊ စီးပွားရေး ဝင်ငွေကျဆင်းခြင်း၊ သွားလာရခက်ခဲခြင်း၊ ဈေးရောင်းရန် တစ်ရွာနှင့် တစ်ရွာပစ္စည်းများ သယ်ယူသွားလာရန် ခက်ခဲခြင်း၊ သောက်သုံး ရေခက်ခဲခြင်း စသောပြဿနာရပ်များနှင့် ကြုံတွေ့ရကြောင်း ဒေသခံများက ပြောကြား သည်။

အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၅ ရွာ၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ရေပေါ်ကျေးရွာ ၂၂၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်း ရှစ်သောင်းခန့် နေထိုင်ကာ အင်းလေးကန်တွင်းသို့ စီးဝင်သော အဓိက ချောင်းကြီးလေးချောင်းနှင့် ချောင်းလက်တက် ၂၉ ချောင်းရှိကြောင်း စာရင်းများအရ သိရသည်။

No comments:

Post a Comment