
“စစ်ကိုင်းတိုင်းဒေသတွင်း ခရီးသွား လုပ်ငန်းဖွံဖြိုးဖို့အတွက် ဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ ခရီးသွားလုပ်ငန်းအတွက် ဇုန်တွေခွဲပြီး ဆောင်ရွက်သလိုရှိပြီးသားနေရာတွေမှာ သွားရေးလာရေးလွယ်ကူ စေဖို့အတွက်လည်း ဆောင်ရွက်နေတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ လူထုအခြေပြုခရီးသွားလုပ်ငန်းအနေနဲ့ အကောင်အထည်ဖော်နေတာ သုံးနေရာရှိပါတယ်။ အခုဖွင့်လှစ်တဲ့ အင်ဒေါင်းကျေးရွာက တတိယမြောက်ဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
အင်ဒေါင်းကျေးရွာတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် အဆောင်နှစ်ဆောင် ၁၂ ဦးဆံ့ တည်းခိုရန် ဝန်ဆောင်မှုပေးနိုင်သည့် အဆောင်များ၊ အစားအစာ သုံးဆောင်နိုင်ရန်သီးခြားအဆောင်များ ဆောက်လုပ်ထားပြီး အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဘတ်ဂျက်ထောက်ပံ့ခြင်းဖြစ်ကာ ယင်းအဆောက်အအုံများအား ဒေသခံများသို့ စနစ်တကျလွှဲပြောင်းပေး အပ်ထားပြီး ရရှိသည့်ဝင်ငွေများကို အဖွဲ့ဝင်ကျေးရွာများ၊ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းရှိ ကျေးရွာများနှင့် အဆောက်အအုံ ထိန်းသိမ်းရေးလုပ်ငန်း စသည်ဖြင့် အချိုးကျခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုလိုသလို နောက်အရေးကြီးတာက ဒေသခံတွေ ပါဝင်ဖို့လိုပါတယ်။ ဒါကြောင့် သူတို့ပါဝင်လာစေဖို့အတွက် သူတို့ အကျိုးကျေးဇူးတွေ ဘယ်လိုရှာပေးနိုင်မလဲပေါ့။ ဒီလိုအကျိုးကျေးဇူးတွေရှိလာမှ ထိန်းသိမ်းရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းကနေ အဓိကပူးပေါင်းပါဝင်လာဖို့ရည်ရွယ်ပါတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ Landscape Coordinator ဦးနိုင်လင်းက ပြောကြားသည်။
တည်းခိုဆောင်များတွင် ဝန်ဆောင်မှုများအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ဆောင်မှုအခြေခံ သင်တန်းဆင်းကျေးရွာလူထု ခရီးသွားလုပ်ငန်းအဖွဲ့ဝင် ဝန်ထမ်းများမှ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ် မန္တလေးမှ ကျောက်မြောင်းကြား လင်းပိုင်ထိန်းသိမ်းရေးဧရိယာတွင် ကျေးရွာရှစ်ရွာဖြစ်သော ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်း၊ ရှိမ္မကား ၊ အင်ဒေါင်း၊ ဆည်သည်၊ မြစ်ကမ်းကြီးကျေးရွာများစုပေါင်း၍ လူထုအခြေပြုခရီးသွား လုပ်ငန်းဖွဲ့စည်းဆောင်ရွက်ထားကာ ရွာအလိုက် လုပ်ငန်းကော်မတီအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment