
“ဒါကတော့ သူတို့ကိုယ်သူတို့ လိပ်ပြာမလုံတာရယ်၊ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တစ်ဖက်တစ်လမ်းကနေ ခြိမ်းခြောက်တဲ့ သဘောလို့ပဲ မြင်ပါတယ်” ဟု ကရင်နီလူငယ် ကိုဒီးဒီက ဆိုသည်။
ထိုသို့ လွိုင်ကော်မြို့တွင်သာမက ဒီးမော့ဆိုမြို့မှ လွိုင်ကော်အဝင်ဂိတ်များကိုလည်း ပိတ်၍စစ်ဆေးခြင်း၊ မိုးဗြဲမှ ဒီးမော့ဆိုမြို့ အဝင်ဂိတ်များအားလည်း ပိတ်၍စစ်ဆေးခြင်း၊ မယ်စဲ့မြို့အထွက်ဂိတ်နှင့် ဖားဆောင်းတံတားဂိတ်များတွင်လည်း စစ်ဆေးခြင်းများ ပြုလုပ်နေကျများ ပြုလုပ်ထားသည်ကို တွေ့ရကြောင်း မြို့ခံများနှင့် လုံခြုံရေးဝန်ထမ်းများထံမှ သိရသည် ။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ရွှေ့ပြောင်းရေးအတွက် ညှိနှိုင်းစည်းဝေးလုပ်သည့်နေ့မှစ၍ ကယားပြည်နယ်အစိုးရက ပြည်နယ်အတွင်း အရေးကြီးကာလဖြစ်သဖြင့် လုံခြုံရေးဂရုပြုရန်နှင့် ထူးခြားဖြစ်စဉ်များ အချိန်နှင့် တစ်ပြေးညီတင်ပြရန် ဝန်ကြီးချုပ်ဦး အယ်လ်ဖောင်းရှိုကိုယ်စား အတွင်းရေးမှူးက မေ ၁၃ ရက်တွင် စာထုတ်ပြန်ခဲ့ကြောင်း သိရသည် ။
ထိုရက်စွဲဖြင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအားလုံးသို့ လိပ်မူပြီး မိတ္တူကို ဝန်ကြီးများအားလုံးအား ဖြန့်ဝေခဲ့သော စာအား မေ ၁၆ ရက်မှသာ ကရင်နီပြည်လူငယ်အင်အားစုများမှ သိရှိရပြီး ထိုစာထုတ်ပြန်သည်မှာ အတည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝဝန်းကျင်ဝန်ကြီး ဦးတီရယ်က ဆိုသည်။
ထို့ပြင် ဆန္ဒထုတ်ဖော်မှုများအတွက် ကျေးရွာအတွင်း စည်းရုံးရေးဆင်းသူများရှိပါကလည်းကောင်း၊ ဆူပူရန် လှုံ့ဆော်မှုများရှိပါကလည်းကောင်း မြို့နယ်အသီးသီးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အချိန်မီသတင်းပို့ရန် မှာကြားထားကြောင်းလည်း သတင်းရရှိသည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိရာ လွိုင်ကော်မြို့ ကန္တဟေဝန်ပန်းခြံတွင် လုံခြုံရေးရဲများ တိုးမြှင့်ချထားသည့်အပြင် ဘောလခဲမြို့တွင်လည်း ကြေးရုပ်နှင့်ပတ်သက်သည့် ဆန္ဒပြမှုများ မပြုလုပ်ရန်အတွက် ဒေသန္တရအမိန့်ကို ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် မေ ၁၄ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဘောလခဲမြို့နယ်အတွင်း မြင်းစီးကြေးရုပ်နှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ မဖြစ်ပေါ်ရန် ငြိမ်းချမ်းစွာ စုဝေးခြင်း စီတန်းလှည့်လည်ခြင်း မပြုလုပ်ကြရန်ဟူ၍ ထည့်သွင်းရေးသားထားကြောင်း သိရသည်။
မေ ၁၄ ရက်တွင်ကြေးရုပ်တု ပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် လုံးဝမရွှေ့ပြောင်းနိုင်ဟု ယတိပြတ်ပြောဆိုသဖြင့် ကရင်နီလူငယ်အင်အားစုက မူလစွဲကိုင်ထားသောမူအရ ပြောဆိုပြီး အစည်းအဝေးခန်းမတွင်းမှ ထွက်ခွာသွားကြကြောင်း သိရသည်။
ထိုသို့ အစည်းအဝေးပျက်သွားသဖြင့် မေ ၇ ရက်တွင် အစိုးရနှင့် ကရင်နီလူငယ်များ အပြန်အလှန် သဘောတူညီချက်ဖြင့် ဘာသာရေးခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီမှ ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းခဲ့သော ကြေးရုပ်ရွှေ့ပြောင်းရေး ကော်မတီမှာလည်း ဖျက်သိမ်းလိုက်ကြောင်း မီဒီယာများရှေ့တွင် ရွှေ့ပြောင်းရေးကော်မတီမှ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment