
ဦးသန်းဆောင်ဟာ ဇိုမီးလူမျိုးတို့ရဲ့ ဘိုးဘွားပိုင် မြွေတောင်ဒေသက အဖိုးတန် သတ္တုရတနာတွေကို ကြိမ်ဖန်များစွာ တရားမ၀င် ခိုးယူတူးဖော်နေတာကို သတင်းအခိုင်အလုံ ရရှိထားတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မိမိတို့ ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) ရဲ့ မျက်ကွယ်မှာ ထပ်မံကျူးလွန်ပါက တော်လှန်ရေး လုပ်ထုံး၊ လုပ်နည်းအတိုင်း အရေယူမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာသတိပေးလိုက်တယ်လို့ အရှေ့ပိုင်းတိုင်း စစ်ကြောင်းမှူး ဗိုလ်မှူး ဇိုထန်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး သတိပေးစာမှာ ဖော်ပြထားပါတယ်။
သတိပေးခံရတဲ့ ညောင်ကုန်းရွာမှ ဦးသန်းဆောင်က “ကုမ္ပဏီတော့ ရှိတယ်၊ နာမည်တော့ မသိဘူး။ ကျနော်လုပ်တာ မှန်တယ်။ ကုမ္ပဏီက ပါမစ်မရသေးလို့ မရောင်းသေးဘဲ စုထားတာ တန် ၁၀၀ လောက်ရှိသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ၁၁ လပိုင်းလောက်က အလုပ်နားထားတယ်။ ခုလည်း မီးသွေးဖုတ်စားနေရတယ်။ လယ်ယာတွေကလည်း လုပ်ကိုင် မကောင်းတော့ဘူး။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ကျနော်တို့ ကုမ္ပဏီက ပါမစ်ရအောင်တော့ အမြန် ကြိုးစားနေတယ်လို့ ပြောပါတယ်။ ဒီကိစ္စကိုလည်း သက်ဆိုင်ရာကို အကြောင်းကြားထားတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံ ချင်းအမျိုးသားတဦးက “ZRA က ဟိုအရင်က လက်ပန်ချောင်းရွာက တဦးကိုလည်း ပေးပို့ဖူးတာ ကြားဖူးတယ်။ အဲ့ဒီတုန်းကတော့ လူသိပ်မသိလိုက်ဘူး။ ခုစာက ဒုတိယအကြိမ်ပဲ။ သတင်းအချက်အလက် မပြည့်စုံသေးတာလားအသိဘူး။ ဆက်ပြီး ဖြစ်ပွားနေရင်တော့ ဒီလို သတိပေးစာတွေ ထပ်ကြားရမှာမယ်လို့ ယူဆတယ်။ ZRA ကတော့ တကယ် ရှင်းပစ်တတ်တယ်” လို့ ပြောပါတယ်။
မြွေတောင်ဒေသမှာ ၂၀၁၂ – ၂၀၁၃ ခုနှစ် အစောပိုင်းကာလကလည်း တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ North Mining Investment Company က သတ္တုတူးဖော်ထုတ်လုပ်ဖို့ လာရောက်စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး အနီးတ၀ိုက်ကျေးရွာတွေက ဒေသခံတွေနဲ့ ကလေးမြို့ အရပ်ဘက်အဖွဲ့အစည်းတွေက ချင်းပြည်နယ်အထိ တက်ရောက် ကန့်ကွက်ခဲ့တာလည်း ရှိပါတယ်။ ဇိုးမီးတော်လှန်ရေး တပ်မတော်ဟာ ချင်းပြည်နယ် အရှေ့ပိုင်း မြန်မာနိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်မတော်တခုလည်း ဖြစ်ပါတယ်။
No comments:
Post a Comment