

တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇွန်လ (၁၄)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာတစ်ဝိုက်ကို ဝင်ရောက်ရှင်းလင်းရာမှာ ရွာအစွန်က နေအိမ်တစ်အိမ်အနီး ရေမြောင်းထဲမှာ သစ်ကိုင်းနဲ့ အုပ်ထားတဲ့ စိတ်ကြွဆေးပြား (၄၂၅၄၀၀၀)ပြား၊ ကတ်တမင်း (၉၀၀)ဂရမ်ခန့်ပါ အထုတ်တစ်ထုတ်၊ ဘိန်းညိုမုန့် (၅၀၀)ကီလိုခန့်ပါ အထုတ် (၁၀)ထုတ်အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ သုံးစွဲတဲ့ စက်ကိရိယာနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီရမိပါတယ်။
ဇွန်လ (၁၄)ရက် ညနေပိုင်းမှာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးက စိမ်းလန်းတောတောင် အပန်းဖြေဥယျာဉ်အတွင်း နေအိမ်တစ်လုံးကို ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှာ ဘိန်းဖြူအိတ် (၁၆)အိတ်အတွင်းက ဘိန်းဖြူ ၅ ဒဿမ ၃ ကီလို၊ MK-10 သေနတ်တစ်လက်၊ M-22 သေနတ်တစ်လက်၊ ပွိုင့်တူးတူး သေနတ် တစ်လက်၊ ပွိုင့်တူးတူး(CZ-450) သေနတ်(၂)လက်၊ ဝင်ချက်စတာ (၁၂)ဗို့သေနတ်တစ်လက်၊ ဘာရက်တာ ၉မမ ပစ္စတိုတစ်လက်၊ ဝယ်သာလ် PPJ ပွိုင့် ၃၈ ပစ္စတိုတစ်လက်၊ M-9 A1 ၉မမ ပစ္စတိုတစ်လက်၊ ကျည်မျိုးစုံ (၁၉၂၇၉)တောင့် အပါအဝင် မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ အခြောက်ခံစက်၊ မွှေစက်တွေကို ဖမ်းဆီးရမိပါတယ်။
မိုင်းတုံမြို့နယ်၊ ပူနားကိုကျေးရွာအနီးတဝိုက်ကို ဝင်ရောက်ရှင်းလင်းရာမှာ စိတ်ကြွဆေးပြား (၁၀၆၀၀၀)ပြား၊ အိုက်စ် (၅)ကီလို၊ ပွိုင့်တူးတူးသေနတ် တစ်လက်၊ ဝင်ချက်စတာရိုင်ဖယ်တစ်လက်၊ လိုင်စင်မဲ့ကား (၃)စီးအပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။
ဒါ့အပြင် မိုင်းတွင်းမြို့နယ် မယ်ကြုတ်ကျေးရွာကို ဝင်ရောက်ရှင်းလင်းရာမှာ စိတ်ကြွဆေးပြား (၁၅၆၂၀၀)ပြား၊ ဆေးအမှုန့် (၀ ဒဿမ ၅) ကီလို၊ ဘိန်းဖြူ (၀ ဒဿမ ၂၅)ကီလို၊ သေနတ် (၂)လက်၊ ဂတ်စ်အိုး အလုံး (၂၀)အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ စက်ကိရိယာတွေကို ဖမ်းဆီးရမိပါတယ်။
အခုလို မူးယစ်ဆေးဝါးတွေကို ဝင်ရောက်ရှင်းလင်းတာဟာ ရှမ်းရိုးမ - ၂ စစ်ဆင်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ကျေးရွာ (၄)ရွာကနေ စိတ်ကြွဆေးပြားပေါင်း (၄၅ ဒဿမ ၁၆၂)သိန်း(ကာလတန်ဖိုး ကျပ် ၄၅၁၆၂ သိန်း)ခန့်ကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းကလည်း ပူနားကိုကျေးရွာဘက်ကနေ လာတဲ့ ကားတစ်စီးပေါ်ကနေ ကျပ်သိန်း (၂၂၀၀၀)ကျော်ဖိုး မူးယစ်းဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
No comments:
Post a Comment