
အသက် ၂၆ နှစ်အရွယ် ဂိုမက်ဇ်သည် ၂၀၁၇ ခုနှစ်တွင် ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့မှု၊ အဆိုတော် The Weeknd နှင့် လမ်းခွဲမှု၊ ဂျက်စတင်ဘီဘာနှင့် ပြန်တွဲပြီး လမ်းခွဲခဲ့မှုတို့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ရုန်းကန်ခဲ့ရသည်။ ယင်းကာလများအတွင်း ဂိုမက်ဇ်သည် ပရိသတ်မြင်ကွင်းမှ အချိန်ကြာ ပျောက်ကွယ်ခဲ့ပြီးနောက် ဘီလ်မာရေးနှင့် တွဲဖက်သရုပ်ဆောင်ထားသည့် The Dead Don’t Die ဇာတ်ကားသစ် မိတ်ဆက်ပွဲတက်ရောက်၍ လူမြင်ကွင်းရှေ့ တစ်ဖန်ပြန်လည်ထွက်ပေါ်ခဲ့သည်။
Instagram တွင် Follower သန်း ၁၅၀ ရှိသည့် ဂိုမက်ဇ်သည် လူမှုမီဒီယာအသုံးပြုမှုကို ကာလအတော်ကြာ ရပ်နားခဲ့ပြီး လူမှုမီဒီယာသည် မိမိတို့လူငယ်မျိုးဆက်အတွက် ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောကြားခဲ့သည်။
ကလေးရုပ်သံအစီအစဉ် Barney & Friends တွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် ဂိုမက်ဇ်သည် ဒစ္စနေရုပ်သံ၏ Wizards of Waverly Place ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ဂိုမက်ဇ်သည် Another Cinderella Story, Princess Protection Program, Wizards of Waverly Place : The Movie, Ramona and Beezus စသည့် ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဂိုမက်ဇ်သည် Selena Gomex & the Scene အဖွဲ့ဖြင့် အယ်လ်ဘမ်များ ဖြန့်ချိခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် တစ်ကိုယ်တော် အနုပညာအလုပ်များကိုသာ အာရုံစိုက် လုပ်ဆောင်ခဲ့သည်။ ဂိုမက်ဇ်သည် အသက် ၁၇ နှစ်အရွယ်တွင် ယူနီဆက်ဖ်၏ အထူးသံတမန်တစ်ဦး ဖြစ်လာခဲ့သည်။
No comments:
Post a Comment