
မကွေးမြို့နယ် သစ်ရာကောက်လမ်းဆုံအနီး မကွေး - တောင်တွင်းကြီး ကားလမ်း မိုင်တိုင်အမှတ် ၂၉၉/၂ တွင် ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခန့်က ကားလမ်းပေါ် ဖြတ်သန်းလာသည့် နွားအုပ်ကိုရှောင်ရာမှ ခရီးသည်တင်မှန်လုံကားတစ်စီး လမ်းယာဘက်ဘေးရှိ သစ်ပင်သို့ ဝင်တိုက်၍ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။ မကွေးတိုင်းဒေသကြီး မင်းလှမြို့နှင့် မန္တလေးမြို့သို့ ပြေးဆွဲသည့် ဗဟိုရ်ခရီးသည်တင် မှန်လုံကားသည် ကားလမ်းမပေါ်သို့ ဖြတ်သန်းလာသည့် နွားအုပ်ကို တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း ထိုကားပေါ်တွင် ခရီးသည် ကိုးဦး လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူမှာ သေဆုံးခဲ့ကြောင်း သိရသည်။
“နွားတွေ၊ ခွေးတွေ ကားလမ်းတွေပေါ် ဖြတ်သန်းတာတွေက ကားတွေ ဆိုင်ကယ်တွေအတွက် အရမ်း အန္တရာယ်များပါတယ်။ အခု ကားတိုက်မှုက သစ်ရာကောက် နယ်မြေရဲစခန်း အပိုင်ဆိုတော့ အဲဒီမှာ အမှုဖွင့် စစ်ဆေးနေပါတယ်” ဟု တောင်တွင်းကြီးမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ အခင်းဖြစ် နေရာသို့ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ သွားရောက်ကူညီ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment