Saturday, June 15, 2019

မင်းတပ်၊ မတူပီ ခရိုင်များပါဝင်သည့် ချင်းပြည်နယ်တောင်ပိုင်းကို ဓာတုဓာတ်ကြွင်း ကင်းမဲ့ဇုန်(Organic Zone) တည်ထောင်ရန် ဆောင်ရွက်လျက်ရှိ

မင်းတပ်နှင့် မတူပီ ခရိုင်များပါဝင်သည့် ချင်းပြည်နယ်တောင်ပိုင်းအား ဓာတုဓာတ်ကြွင်း ကင်းမဲ့ဇုန် (Organic Zone) တည်ထောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါဒေသသည် ရေမြေရာသီဥတု အခြေအနေကောင်းများဖြင့် လက်ရှိအခြေအနေတွင် ဓာတုဆေးဝါးသုံးစွဲမှု အနည်းဆုံး ဖြစ်ကြောင်း၊
စိုက်ပျိုးရေးအသုံးချမှုနည်းပညာအသုံးပြုနိုင်ရန် ကူညီပံ့ပေးခြင်းဖြင့် ကော်ဖီစိုက်ဧရိယာများ၌ သုံးနှစ်အတွင်း ဆွတ်ခူးဧကများ ထွက်ပေါ်လာစေရေး၊ သဘာဝမြေဆွေးမြေသြဇာများ အကျိုးရှိစွာ သုံးစွဲရေး၊ အပင်ပိုးမွှားနှင့် ရောဂါကာကွယ်သည့် သဘာဝ ပိုးသတ်ဆေးများကို ပိုမိုအားထား သုံးစွဲရေး၊ ဒေသနှင့် ကိုက်ညီသည့် ကော်ဖီ၊ ထောပတ်၊ ဝဥ၊ လက်ဖက်၊ လိမ္မော်၊ စပျစ်စ သည့် သီးနှံခြောက်မျိုးအား စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နိုင်ရန် နည်းပညာနှင့် လိုအပ်ချက် များ ကူညီဖြည့်ဆည်းပေးနိုင်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူးဦးသူရစိုး၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲညွှန်ကြားရေးမှူးဦးမြင့်ဆွေတို့ လိုက်ပါလျက် မေလလယ်ခန့်က ချင်းပြည်နယ် မင်းတပ်ခရိုင်အတွင်းသို့ ရောက်ရှိကာ  ဒေသနေ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ရာသီဥတုဒဏ်ခံနိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ သုတေသနလုပ်ငန်းများ တစ်ပြိုင်တည်း တွဲဖက်ဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဆိုသည် မှာ မြေဆီလွှာ၊ ဂေဟစနစ်နှင့် လူသားများအပါအဝင် သက်ရှိများကို မထိခိုက်စေဘဲ ရေရှည်တည်တံ့စေသည့် ထုတ်လုပ်မှုစနစ်တစ်ခု ဖြစ်သည်။ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည့် သွင်းအားစုများကို အသုံးမပြုခြင်း၊ သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်တို့ ဆက်စပ်မှုရှိခြင်း၊ မတူညီသည့်သက်ရှိဇီဝများ ယှဉ်တွဲ နေထိုင်နိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်ရာဒေသ အခြေအနေနှင့် လိုက်လျော ညီထွေမှုရှိခြင်းစသည့်အချက်အလက်များအပေါ်တွင် အဓိကထား၍ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေးစနစ်နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာရှိသော်လည်း အဓိကဆိုလိုရင်းမှာ ပြင်ပသွင်းအားစုများကို အသုံးပြုခြင်းထက် ဂေဟစနစ်အစီအမံများ အပေါ်တွင်သာ အားထားရန်ဖြစ်သည်။ ဓာတုသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာဆေးဝါးများ၊ မျိုးဗီဇပြုပြင်ထားသည့် မျိုးစေ့နှင့် စပ်မျိုးများ၊ တာရှည်ခံဆေးများ၊ အစားအစာဖြည့်စွက် ပစ္စည်းများ၊ ဓာတ်ရောင်ခြည်သုံးပြုပြင်ခြင်း များကို ရှောင်ကြည်၍ ပတ်ဝန်းကျင်နှင့် လူမှု ဘဝများအပေါ် ဆိုးကျိုးများ မသက်ရောက်စေရန် ထည့်သွင်းစဉ်းစားရသည့် စနစ်တစ်ခု ဖြစ်သည်။

No comments:

Post a Comment