
ဒေါ်လာ ၁.၇ ဘီလျံ (ယူရို ၁.၅ ဘီလျံ) ကုန်ကျသည့် ယင်းအဆောက်အအုံအတွက် ကုန်ကျစရိတ်ကို ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥရောပဘဏ် (EBRD) နှင့် အလှူရှင် ၄၅ နိုင်ငံတို့က မတည်ခဲ့သည့် အထူးရန်ပုံငွေဖြင့်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
အလွန်ကြီးမားပြီး ၁၀၈ မီတာမြင့်သည့် အမိုးခုံးသည် ပါရီရှိ နော်တာဒိန်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးကို လွှမ်းခြုံနိုင်မည်ဖြစ်ပြီး အလေးချိန် ၃၆,ဝ၀ဝ တန် ရှိသည်။
“ကမ္ဘာမြေတစ်ခုလုံးနဲ့ လူသားတွေကို ရေဒီယိုသတ္တိကြွသင့်မှုကနေ ကာကွယ်ဖို့နိုင်ငံဒါဇင်များစွာရဲ့ ပူးပေါင်းကြိုးပမ်းမှုနဲ့ ဖန်တီးခဲ့တဲ့ အမိုးခုံးအဆောက်အအုံကို ဖွင့်လှစ်နိုင်ပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာဇယ်လင်စကီးက ယင်းအမိုးခုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ယင်းအမိုးခုံးမတပ်ဆင်မီအထိ ချာနိုဘိုင်းသည် ယူကရိန်း၏ ဆိုးရွားသောအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ ゞင်းတို့၏အခက်အခဲသည် အကျိုးကျေးဇူးဖြစ်လာခဲ့ပြီဟု ဇယ်လင်စကီးက ပြောကြားခဲ့သည်။
ယင်းအမိုးခုံးအဆောက်အအုံသည် လေဆင်နှာမောင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး ရာစုနှစ်တစ်ခုအထိ ကြာရှည်ခံရန် ဆောက်လုပ်ထားသည်ဟု EBRD က ထုတ်ပြန်ခဲ့သည်။
“ဒီအမိုးခုံးဟာ ချာနိုဘိုင်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးကင်းလုံခြုံပြီး စိတ်ချရတဲ့ပြည်နယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲစေမယ့် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်တယ်” ဟု EBRD က ယင်းအမိုးခုံးကို ယူက ရိန်းအာဏာပိုင်များကို လွှဲပြောင်းပေးသည့် အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။
ချာနိုဘိုင်းနျူကလီးယားစက်ရုံ၏ နံပါတ်လေး ဓာတ်ပေါင်းဖိုတွင် ၁၉၈၆ ခုနှစ် ဧပြီ ၂၆ ရက်က ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုသည်ကမ္ဘာတွင် အဆိုးရွားဆုံး အရပ်ဘက် နျူကလီးယားမတော်တဆမှုဖြစ်ပြီးရေဒီယို သတ္တိကြွအမှုန်များသည် ဥရောပတစ်ဝန်း ပျံ့နှံ့ခဲ့သည်။ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရ ယင်းစက်ရုံနှင့် စတုရန်းကီလိုမီတာ ၅၀,ဝ၀ဝ အကွာရှိ မြေများသည် ရေဒီယို သတ္တိကြွသင့်ခဲ့သည်ဟု သိရသည်။
ယင်းပေါက်ကွဲမှုတွင် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီသောသူများသည် ယင်းနှင့်ဆက်စပ်သည့် ဖျားနာမှုများကြောင့် သေဆုံးခဲ့သည်။ သို့သော် သေဆုံးသူစာရင်း အတိအကျသည် အငြင်းပွားမှုဖြစ်နေဆဲဖြစ်သည်။ ယင်းကာလက ဆိုဗီယက်အာဏာပိုင်များသည် ကနဦးတွင် အဆိုပါကပ်ဘေးကို မှေးမှိန်ပစ်ရန်ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် ယင်းစက်ရုံဝန်းကျင်ပတ်လည် ၃၀ ကီလိုမီတာအတွင်းရှိ လူ ၃၅၀,ဝ၀ဝ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
No comments:
Post a Comment