ဒါ့အပြင် ညပိုင်းမှာလည်း မုံရွာမြို့ ကန်သာဦးရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သူတွေထံကနေ ပန်းရောင်စိတ်ကြွဆေးပြား ၅၄၃၂ ပြားနဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အမှုန့် ၂.၆၅ ဂရမ် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၇၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာပါ။
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလေးစိုးက “ပမာဏကတော့ စုစုပေါင်းကတော့ ပြန်ပေါင်းမှရမယ်။ မနေ့က တနေ့တည်းတင် ၉ မှုရတယ်။ မူးယစ်အထူးအဖွဲ့က ၁ မှု၊ ကျန်တာ နယ်ရဲက ဖမ်းတာ ၈ မှုရှိတယ်။ အများစုကတော့ ကသာခရိုင်ပေါ့။ ဒီထက်တိုးဖမ်းဖို့အတွက်ပဲ တပ်ဖွဲ့ဝင်တွေ စည်းရုံးရင်းနဲ့ ပြောနေတယ်။ မိလေကောင်းလေပေါ့။ များများမိလေ ကောင်းလေပေါ့။ နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီလေ။ တိုးဖမ်းဖို့အတွက်ပဲ သတင်းရအောင် စုံစမ်းပြီးတော့ တခါတလေ ချပြနိုင်လည်း ချပြတာတွေ လုပ်ရတာပေါ့” လို့ ပြောပါတယ်။
ဇူလိုင်လအတွင်း မုံရွာမြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေနဲ့ တရက်တည်းမှာ ၄ မှုရရှိခဲ့သလို ဒုတိယပတ်အတွင်းမှာလည်း အနည်းဆုံး ၆ ကြိမ်ထက်မနည်း ဖမ်းဆီးရမိခဲ့ပါတယ်။
မုံရွာမြို့က ဖမ်းဆီးရမိမှုတွေထဲမှာ ဆိုင်ကယ်၊ ကားတွေနဲ့ မြို့ထဲ နေရာအရောက် မူးယစ်ဆေးဝါးတွေ လှည့်လည်ရောင်းချနေတာတွေပါသလို သစ်ထုတ်ရေးဝန်ထမ်းတဦးထံကပါ ဖမ်းဆီးရမိနေတာပါ။
“နယ်မှာက ဖမ်းဆီးမှု အားကောင်းတယ်။ မုံရွာမြို့ပေါ်က အားနည်းတယ်။ လူအင်အားလည်း အခုမှ ပြန်စုဖွဲ့ရတာ။ မြို့ပေါ်မှာလည်း ရှိနိုင်တယ်ဆိုပြီး စုံစမ်းခိုင်းပြီး ဖမ်းခိုင်းလို့ ၂၄ နာရီအတွင်း ၄ မှု မိတာလေ။ မူးယစ်ဆေးဝါးကိုတော့ စုံစမ်းဖော်ထုတ်သတင်းတွေ၊ ချပြသတင်းတွေနဲ့ လိုက်ပြီးတော့ တိုးပြီး ဖမ်းဆီးနေပါတယ်။ လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှုး ရဲမှူးကြီး လေးစိုးက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၇၈၅ မှုရှိခဲ့ပြီး အရင်နှစ်က ကာလတူထက် အမှု ၁၀၀ ကျော်တိုးလာခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး မုံရွာ၊ ကသာ၊ ကလေး၊ တမူး၊ ဟုမ္မလင်း စတဲ့ မြို့တွေမှာထားရှိပြီး နောက်ထပ်လည်း ကောလင်းမြို့မှာ အသစ်တိုးချဲ့ဖွဲ့စည်းဖို့ လုပ်ဆောင်နေပါတယ်။
No comments:
Post a Comment