
အခုကတော့ စောင့်ကြည့်သင့်တဲ့ တွဲဆိုင်း(၅)ဆိုင်းကို ပြောပြပေးမှာပါ။ တွဲဆိုင်းစုစုပေါင်း (၁၅)ဆိုင်း ပါဝင်လာမယ့် ယခုပြိုင်ပွဲမှာ စောင့်ကြည့်သင့်တဲ့ တွဲဆိုင်းတွေက တွဲဆိုင်းနံပါတ် (၃)၊ (၈)၊ (၁၁)၊ (၁၄)နဲ့ ခေါင်ပွဲတို့ပဲ ဖြစ်ပါတယ်။
တွဲဆိုင်းနံပါတ် (၃)
မဖြစ်မနေ စောင့်ကြည့်အားပေးရမယ့် တွဲဆိုင်းပါ။ ဘီငုယင်ဟာ Jason Wink MMA Academy မှာ ဂျွန်ဂျုံးစ်၊ ကောင်းဘွိုင်၊ ဟော်လီဟုမ်း၊ မီချယ်ဝါးတားဆန် စတဲ့ မြောက်မြားလှတဲ့ အကျော်အမော်တွေနဲ့ တွဲဖက်လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကိုယ်တိုင် Training ပေးခဲ့ဖူးတာကြောင့် အန်တိုနီယာအတွက် ခက်ခဲမယ့် ပြိုင်ဖက်ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် အန်တိုနီယာကလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ONE Championship အက်တမ်ဝိတ်တန်းမှာ နောက်ထပ်တစ်ဆင့်မြင့်တဲ့နေရာကို တက်လှမ်းနိုင်ဖို့ အားထုတ်ကြိုးပမ်းနေတဲ့ အန်တိုနီယာကို ဝန်းရံပေးကြရအောင်ပါ။
တွဲဆိုင်းနံပါတ် (၈)
ကစ်ဘောက်ဆင်ချန်ပီယံဟောင်း ကိုင်တင်းချွမ်နဲ့ အတိုက်အခိုက်ကို အသွေးအသားထဲက ဝါသနာပါတဲ့ ဂျန်နက်တော့ဒ်တို့ ရင်ဆိုင်တွေ့တဲ့ ဒီပွဲစဉ်ဟာ မိတ်ဆွေကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ နှစ်ယောက်စလုံးက ရေသာမခိုတတ်တဲ့ ဖိုက်တာစစ်စစ်တွေပါ။ ကစ်ဘောက်ဆင်တွဲဆိုင်း ဖြစ်တာကြောင့် မွေထိုင်းနယ်ပယ်ဘက်က ကူးပြောင်းလာတဲ့ ဂျန်နက်တော့ဒ်အတွက် အခက်အခဲရှိပါတယ်။ ဒါပေမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါပဲ။
တွဲဆိုင်းနံပတ် (၁၁)
မိတ်ဆွေဟာ တောပစ်မုဆိုးတစ်ယောက် ဖြစ်တယ်ဆိုကြပါစို့။ ဘယ်တောက ဘယ်လောက်နက်တယ်။ ဘယ်လိုသားကောင်တွေ ရှိတယ်။ ဘယ်တောင်က ဘယ်လိုမတ်စောက်တယ်။ ဘယ်နေရာမှာ ပစ်ကွင်းကောင်းတယ်ဆိုတာတွေ သိထားဖို့ လိုပါတယ်။ ဒါမှသာ သားရဲတွေ ဝိုင်းနေတဲ့ တောနက်ကြီးထဲ မိတ်ဆွေဟာ မုဆိုးအဖြစ်က သားကောင် မဖြစ်သွားမှာပါ။ ဒီလိုပါပဲ … ဖိုးသော် ယှဉ်ပြိုင်နေတဲ့ ဖယ်သာဝိတ်တန်းမှာ ဘယ်သူတွေ ကောင်းတယ်။ အောင်လအန်ဆန်အတွက် ဘယ်ဖိုက်တာက အနာဂတ်မှာ ပြိုင်ဖက် ဖြစ်လာနိုင်တယ် ဆိုတာတွေ လေ့လာထားဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်လူအတွက် အခက်အခဲ ရှိနိုင်/မရှိနိုင် ပွဲမတိုင်ခင်က ကြိုတင်ဆုံးဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အန်တိုနီယာနဲ့ ဝိတ်တန်းတူဖိုက်တာ ဂျီဟင်ရက်ဒ်ဇွမ်ရဲ့ လက်စွမ်းကို လေ့လာနိုင်ဖို့ ကြည့်ရှုသင့်ပါတယ်။
တွဲဆိုင်းနံပါတ် (၁၄)
ထူးထူးခြားခြားဆိုသလိုပဲ ဒီတစ်ပတ် စောင့်ကြည့်သင့်တဲ့ တွဲဆိုင်း(၅)ဆိုင်းမှာ (၄)ဆိုင်းက အမျိုးသမီးပွဲတွေ ဖြစ်နေပါတယ်။ အခုပွဲဟာ နည်းနည်းတော့ ပျင်းစရာကောင်းမယ့်ပွဲပါ။ Ground fighting အားသန်တဲ့ အိန်ဂျယ်လာလီနဲ့ ဂျူဂျစ်ဆုကဝေကြီး မီရှယ်နီကိုလီနီတို့ဟာ ကြမ်းပြင်ပေါ်မှာသာ လုံးထွေးနေကြဖို့ များပါတယ်။ မည်သို့ရှိစေ အိန်ဂျယ်လာလီပွဲဆိုတာနဲ့ ကြည့်ကြရမှာပါပဲ။ ပွဲနဲ့ပတ်သက်လို့ ပြောချင်တာက ဒီပွဲဟာ အိန်ဂျယ်လာလီရဲ့ အက်တမ်ဝိတ်တန်းချန်ပီယံခါးပတ်နဲ့ မသက်ဆိုင်ပါဘူး။ အိန်ဂျယ်လာလီဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံသူ ရှောင်ဂျင်နန်နဲ့ နောက်တစ်ကြိမ် ထပ်မံထိုးသတ်ဖို့ ရှိပါတယ်။ ယခုထိုးသတ်မယ့်ပွဲဟာ ထိုပွဲမှာ Ready ဖြစ်နေစေဖို့ သွေးပူလေ့ကျင့်ခန်း လုပ်တဲ့သဘောပါပဲ။ ဆိုးရွားတဲ့ နောက်ကျောဒဏ်ရာ၊ ရှောင်ဂျန်နန်ကို ရှုံးနိမ့်ပြီးနောက် ခံစားခဲ့ရတဲ့ စိတ်ကျဝေဒနာတွေကနေ နာလန်ထ၊ ထူထူထောင်ထောင် ပြန်ဖြစ်လာတဲ့ အိန်ဂျယ်လာလီ အရင်လိုစွမ်းဆောင်ရည် ပြန်ရမလား စောင့်ကြည့်ရမှာပါ။
ခေါင်ပွဲ
ONE Championship ပရိသတ်အားလုံး၊ ဒေါက်တာ (ခေါ်) ဂျော်ဂျီယိုပတ်ထရိုစယန်ရဲ့ ပရိသတ်တွေအားလုံး မျှော်လင့်စောင့်စားနေကြတဲ့ ပွဲစဉ်တစ်ပွဲပါ။ ONE Championship သမိုင်းတစ်လျှောက် အငြင်းပွားမှုအများဆုံး ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ကြမှာလည်း ဖြစ်ပါတယ်။ The Greatest Kickboxer of All Time လို့ ညွှန်းဆိုကြတဲ့ ဂျော်ဂျီယိုပတ်ထရိုစယန်ရဲ့ ဂုဏ်သိက္ခာနဲ့ မွေကဝေကြီး ဆန်ချိုင်းကို အနိုင်ယူခဲ့တဲ့ လုမ္ပနီချန်ပီယံ ပက်ခ်ျမိုရာကော့ရဲ့ ဂုဏ်သိက္ခာ လောင်းကြေးထပ်ထားရတဲ့ ပွဲစဉ်ဖြစ်တာကြောင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်ရမှာပါ။ ဒီပွဲမှာ အနိုင်ရတဲ့သူကို ရင်ဆိုင်ဖို့ ဆီမီးဖိုင်နယ်မှာ အသင့်စောင့်နေသူက Smokin’ Jo။ ဂျော်ဂျီယိုပတ်ထရိုစယန် အနိုင်ယူခဲ့ဖူးတဲ့ ပြိုင်ဖက်ဟောင်း၊ ပြိုင်ဖက်ကောင်း။ ဂျော်ဂျီယိုပတ်ထရိုစယန်သာ အနိုင်ရခဲ့ရင် ဆီမီးဖိုင်နယ်ကို လွယ်လင့်တကူ ကျော်ဖြတ်နိုင်ပြီ။ အမှန်တော့ ဒါတွေတောင် ထည့်ပြောနေစရာ မလိုပါဘူး။ အသည်းကို အသည်းချင်း၊ ဇွဲကို ဇွဲချင်းဆိုသလို ဂုဏ်သိက္ခာချင်း ထိပ်တိုက်တွေ့ကြမယ့်ပွဲကိုမှ မကြည့်ချင်ရင် “အမိုက်နင့်ပြင် ရှိမည်နည်း” လို့ ဆိုရုံပါပဲ။
No comments:
Post a Comment