
သို့သော် အလွန်အမင်းဝေးကွာသည့် ခရီးအကွာအဝေးကို မောင်းနှင်နိုင်မှုက အားပြန်သွင်းသည့် နေရာရှားပါးသော အိန္ဒိယတွင် သုံးစွဲသူများအတွက် အဓိကစိုးရိမ်မှုတစ်ခုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း Hyundai Motors ၏ မန်နေးဂျင်းဒါရိုက်တာ SS Kim က Press Trust of India သို့ ပြောကြားခဲ့သည်။
လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းထားသော အိန္ဒိယတွင် အစိုးရက အခွန်မက်လုံးသစ်များကို ပြီးခဲ့သောသီတင်းပတ်၌ ထုတ်ပြန်ခဲ့သော်လည်း လမ်းများပေါ် လျှပ်စစ်ကားများ ပိုမိုရောက်ရှိလာရန်အတွက် ရှင်းလင်းသော လမ်းပြမြေပုံများ မရှိသေးဟု ထုတ်လုပ်သူများက ပြောကြားခဲ့ကြသည်။
လျှပ်စစ်ကားဈေးကွက်ဝေစုသည် နော်ဝေတွင် ၃၉ ရာခိုင်နှုန်းရှိနေစဉ် အိန္ဒိယတွင်မူ ဝ.ဝ၆ ရာခိုင်နှုန်းသာ ရှိသေးကြောင်း အစိုးရ ထုတ်ပြန်မှုကိုကိုးကား၍ Bloomberg News က ဖော်ပြခဲ့သည်။ အိန္ဒိယတွင် လျှပ်စစ်ကားများအား ပြောင်းလဲအသုံးပြုမှုကို အရှိန်မြှင့်ရန်အတွက် အစိုးရက လုပ်ဆောင်နိုင်သည့် အရာများစွာရှိသည်ဟုထင်ကြောင်း Kim က ပြောကြားခဲ့သည်။
အိန္ဒိယကားကုမ္ပဏီများဖြစ်သော Tata Motors နှင့် Mahindra & Mahindra တို့က လျှပ်စစ်ကားများအား ဖြန့်ချိခဲ့သော်လည်း သွားနိုင်သည့်အကွာအဝေး အကန့်အသတ်ရှိပြီး စီးပွားဖြစ်ရောင်းချမှုလည်း မရှိခဲ့ပေ။ လတ်တလောတွင် အိန္ဒိယ၌ လျှပ်စစ်ကား အစီးရေ ၇,ဝ၀ဝ အောက်သာရှိပြီး ယင်းတို့အနက် အများအပြားသည် ပြည်ပမှ တင်သွင်းထားခြင်းဖြစ်သည်။ တရုတ်တွင်မူ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း၌ လျှပ်စစ်ကား ၄၅၅,၅၇၁ စီး ရောင်းချနိုင်ခဲ့သည်။
အိန္ဒိယသည် ကမ္ဘာတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့ကြီး ၃၀ အနက် ၂၂ မြို့ရှိသည့် နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်းမှ ထုတ်လွှတ်မှုများ၊ ကားမီးခိုးများ၊ စိုက်ခင်းများမီးရှို့မှုမှ မီးခိုးများက လေထုကို အဆိပ်သင့်စေခဲ့ကြောင်း Gerenpeace က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယသည် လက်ရှိစွမ်းအင်လိုအပ်ချက်၏ သုံးပုံနှစ်ပုံခန့်ကို ကျောက်မီးသွေးနှင့် ဓာတ်ငွေ့မှ ထုတ်လုပ်နေပြီး ကမ္ဘာတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တတိယအများဆုံးနိုင်ငံလည်းဖြစ်သည်။
No comments:
Post a Comment