
သူတို့ လုပ်နေတာကလည်း နှစ် ၂၀ ကျော်လောက်ရှိနေပြီ။ ပြည်သူတွေဘက်ကလည်း အညှော်နံ့တွေ မခံနိုင်လို့ တိုင်ထားတာတွေလည်းရှိပါတယ်။ လောလောဆယ်တော့ လုပ်ငန်းကို ပိတ်ခိုင်းထားပါတယ်” လို့ သထုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က ပြောပါတယ်။
မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) အနေနဲ့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ငရုတ်သီး နမူနာတွေကိုယူပြီး ဓာတ်ခွဲခန်းစစ်ဆေးတွေ့ရှိချက်တွေအပေါ် သတင်းပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး စားသုံးရန်မသင့်ပါက ကော်မတီအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် အက်ဖ်ဒီအေက သိရပါတယ်။
သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှတင်က “သူတို့ကလုပ်နေတာကြာပါပြီ။ ဘာတံဆိပ်မှလည်း မကပ်ဘဲနဲ့ ဒီအတိုင်းပဲရောင်းနေကြတယ်။ အဲ့ဒီကလူတွေလည်း တရွာလုံးနီးပါးက အနံ့မခံနိုင်လို့ လာတိုင်ကြတာပေါ့။ အဲ့ဒီအနံ့ကြောင့် တချို့လူတွေနဲ့ သံဃာတော်တွေ ကျန်းမာရေးထိခိုက်ပြီး ရောဂါရကြတာတွေရှိတာပေါ့။ သံဃာ ၂ ပါးလောက်ကလည်း အဲ့ဒီအနံ့ဆိုးကြောင့် ရောဂါရပြီး ပျံလွန်တော်မူသွားတယ်လို့ ရွာသားတွေက ပြောတယ်။ ရွာသားတွေကတော့ လုပ်ငန်းကို အပြီးတိုင်ပိတ်သိမ်းပေးဖို့ တင်ပြတောင်းဆိုထားတာတွေလည်း ရှိပါတယ်” လို့ပြောပါတယ်။
သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ဂေါ့ရွာလေးပိုင်းရှိ ဒေါ်မချို ပိုင်ဆိုင်တဲ့င ရုတ်သီးကြိတ်စက်ရုံက အမှတ်တံဆိပ်မပါ ငရုတ်သီးမှုန့်လှော် အသေး၊ အကြီး ၅၀ ကျပ်သား တန်ဖိုး ၄၄၀၀ ကျပ်ကို ဓာတ်ခွဲခန်းစစ်ဆေးဖို့ နမူနာယူဆောင်သွားပြီး မှိုတက်နေတဲ့ ငရုတ်သီးအချို့ကိုတော့ ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment