Tuesday, June 25, 2019

ဆီးရီးယားနဲ့ အီရတ်မှာ ဖမ်းထားတဲ့ အိုင်အက်စ်တွေနဲ့ ၄င်းတို့မိသားစုဝင်များကို တရားရင်ဆိုင်စေခြင်း လုပ်ရင်လုပ် သို့မဟုတ်ပါက လွှတ်ပေးသင့်ဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ ပြော

အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေအပါအ၀င် အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့  ၄င်းတို့ ရဲ့ မိသားစုဝင် ၅၅၀၀၀ ခန့် ကို မျှတတဲ့ တရားရင်ဆိုင်စေခြင်း လုပ်ရင်လုပ် ဒါမှမဟုတ်ရင် လွှတ်ပေးသင့်ကြောင်း ကုလသမဂ္ဂ လူ့ အခွင့်အရေးအကြီးအကဲ မီချယ် ဘာချီလက် က ဇွန် ၂၄ ရက်နေ့ မှာ ပြောဆိုလိုက်ပါတယ်။


သူတို့ တွေရဲ့ နိုင်ငံသားဖြစ်မှုအတွက် တာဝန်ယူမှုရှိရမှာဖြစ်ကြောင်းနဲ့  ယခင်ကတည်းက ဒုက္ခ ဝေဒနာများစွာခံစားထားခဲ့ရတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ သားသမီးတွေကို နိုင်ငံမဲ့သူတွေအဖြစ် အပြစ်ဒဏ်မခတ်သင့်ကြောင်းလည်း ဂျီနီဗာမှာပြုလုပ်နေတဲ့ ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ သုံးပတ်ကြာ အစည်းအဝေးမှာ ဘာချီလက်က ပြောဆိုခဲ့ပါတယ်။
နိုင်ငံ ၅၀ လောက်က နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေနဲ့ မိသားစုဝင် ၁၁၀၀၀ အပါအ၀င် အရေအတွက် ၅၅၀၀၀ လောက်ဟာ ဆီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းက al-Hol ထိန်းသိမ်းရေးစခန်းမှာ အလွန်ညံ့ဖျင်းတဲ့ အနေအထားနဲ့ ထိန်းသိမ်းခံထားရကြောင်း သူက ပြောဆိုပါတယ်။

ယခုနှစ်အတွင်း အိုင်အက်စ်အုပ်စုရဲ့ နောက်ဆုံး ခြေကုပ်နေရာကို အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အိုင်အက်စ်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ ၄င်းတို့ နိုင်ငံသား တိုက်ခိုက်ရေးသမားတွေနဲ့ မိသားစုဝင်တွေကို ပြန်ခေါ်ကြဖို့  ဆီးရီးယားအရှေ့ မြောက်ပိုင်း ဒေသ အာဏာပိုင်တွေက အနောက်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

၎င်းတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ တရားစွဲဆိုခံရဖို့ မရှိဘူး ဆိုရင် နိုင်ငံခြားသားမိသားစုဝင်တွေကို နေရပ်ပြန်ပို့ သင့်ကြောင်း၊ အထူးသဖြင့် အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ဖို့  အိုင်အက်စ်ရဲ့ စည်းရုံးသိမ်းသွင်းခံရ သို့မဟုတ် အယူသွတ်သွင်းခံခဲ့ရမှု အပါအ၀င် အခွင့်အရေးတွေ အလွန်အမင်း ချိုးဖောက်ခံထားခဲ့ရတဲ့ ကလေးငယ်တွေကို နေရပ်ပြန်ပို့သင့်ကြောင်း ဘာချီလက် က ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment