Tuesday, June 25, 2019

ချီလီကို အနိုင်ယူပြီး ဥရုဂွေးအသင်း ကိုပါအမေရိကဖလား ကွာတားတက် (ရုပ်သံ)

ကိုပါအမေရိကဖလား အုပ်စု စီ နောက်ဆုံးပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ချီလီနဲ့ နာမည်ကြီး ဥရုဂွေးတို့ ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ ဥရုဂွေးက တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဂျပန်နဲ့ အုပ်စုဒုတိယပွဲစဉ်မှာ သရေကျပြီး အမှတ်လျော့ခဲ့တဲ့ ဥရုဂွေးအသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် အဓိက တိုက်စစ်အတွဲ ဆွာရက်ဇ်၊ ကာဗာနီတို့နဲ့ ပွဲထွက်ခဲ့သလို ချီလီအသင်းကလည်း ဆန်းချက်ဇ်၊ ဗားဂတ်စ် တိုက်စစ်အတွဲ အသုံးပြုသွားပါတယ်။



ဒီပွဲမှာ ချီလီအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။

ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပြီး ဥရုဂွေးအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ တိုက်စစ်မှူး ကာဗာနီက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာပဲ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု စီက အီကွေဒေါနဲ့ ဂျပန်အသင်း ပွဲစဉ်မှာတော့ တဖက်တဂိုးစီ သရေကျသွားပါတယ်။

အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ ဥရုဂွေးက ရမှတ် ၇ မှတ်နဲ့ အုပ်စု ပထမ၊ ချီလီက ၆ မှတ်နဲ့ ဒုတိယ၊ ဂျပန်အသင်းက ၂ မှတ်နဲ့ တတိယ၊ အီကွေဒေါက ၁ မှတ်နဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ အုပ်စု တခုစီက ပထမနဲ့ ဒုတိယ နှစ်သင်းစီနဲ့ အကောင်းဆုံး အုပ်စုတတိယ အသင်းနှစ်သင်း ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒါကြောင့် အုပ်စု အေ က ဘရာဇီး၊ ဗင်နီဇွဲလားနဲ့ ပီရူး၊ အုပ်စု ဘီ က ကိုလံဘီယာ၊ အာဂျင်တီးနားနဲ့ ပါရာဂွေး၊ အုပ်စု စီ က ဥရုဂွေး၊ ချီလီတို့ ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။

အုပ်စု စီ က တတိယရတဲ့ ဂျပန်အသင်းဟာ ပါရာဂွေးနဲ့ ရမှတ် ၂ မှတ်စီ တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အကောင်းဆုံး တတိယအသင်းထဲ မပါဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပါတယ်။

No comments:

Post a Comment