Tuesday, June 25, 2019

ဥရောပ ဆိုင်ကယ်စီး ဘောလုံးပြိုင်ပွဲမှာ ရုရှား ဗိုလ်စွဲ

ဥရောပဖလား ဆိုင်ကယ်စီး ဘောလုံးပြိုင်ပွဲမှာ ရုရှားက ဂျာမနီကို အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျာမနီနိုင်ငံ၊ မော့စ်ခ်ျမြို့မှာ ကျင်းပတဲ့ ဗိုလ်လုပွဲမှာ အိမ်ရှင် အသင်းကို ရုရှားက ခုနစ်ဂိုး-ငါးဂိုးနဲ့ အနိုင်ယူပြီး ဒီအားကစားနည်းမှာ သူတို့ရဲ့ လွှမ်းမိုး ကြီးစိုးမှုကို ဆက်လက် ထိန်းသိမ်းခဲ့တာပါ။



ဒီအားကစားနည်းဟာ ဘောလုံးနဲ့ ဆိုင်ကယ်စီး ပိုလို နှစ်မျိုးကို ပေါင်းစပ် တီထွင်ထားတာ ဖြစ်ပါတယ်။ ဂိုးပေါက်နဲ့ ဂိုးသမားက ပုံမှန် ဘောလုံးပွဲတွေ ပုံစံအတိုင်း ဖြစ်ပြီး ပါဝင် ကစားသူတွေကတော့ ၂၅၀ စီစီ အင်ဂျင်တပ် ဆိုင်ကယ်တွေကို စီးနင်းရပါတယ်။ တစ်သင်းကို ဆိုင်ကယ်စီး ကစားသမား လေးဦးနဲ့ ဂိုးသမား တစ်ဦးစီ ပါဝင်ရတာပါ။ ကန်တဲ့ ဘောလုံးကတော့ သာမန်ထက် အရွယ်အစား ပိုကြီးပါတယ်။

ဆိုင်ကယ်စီး ဘောလုံး အားကစားနည်းကို ၁၉၃၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေက ပြင်သစ်နဲ့ ဗြိတိန်တို့မှာ စတင် တီထွင်ခဲ့ပြီး ဥရောပ တလွှားမှာ လက်ခံ ကစားလာကြပါတယ်။ ဒုတိယ ကမ္ဘာစစ် ပတ်ဝန်းကျင် ကာလတွေမှာတော့ ဒီအားကစားနည်းက လူစိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်လာတယ်။

ပြင်သစ်မှာ ဆိုင်ကယ်စီး ဘောလုံးအသင်း ၁၅ သင်းထိ ရှိနေပြီး ရုရှားမှာ ၈ သင်း ဖွဲ့ထားပါတယ်။ အခုနှစ် ပြိုင်ပွဲမှာ ပြင်သစ်၊ နယ်သာလန်၊ ဘီလားရုစ် အသင်းတွေလည်း ပါဝင်ခဲ့ကြပါတယ်။ နောက်နှစ် ပြိုင်ပွဲကိုတော့ ဘီလားရုစ်က အိမ်ရှင်အဖြစ် လက်ခံပြီး ဇူလိုင်လထဲမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment