Tuesday, June 25, 2019

တွံတေးမြို့နယ်အတွင်း လူသတ်ရန်ပြန်ပေးဆွဲခေါ်ဆောင်မှုမှ ပြစ်မှုကျူးလွန်သူ (၂)ဦးကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိမှု

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ညအချိန်တွင် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ တရားလို ဒေါ်----၏ ခင်ပွန်းဖြစ်သူ သိန်းဇော်ဦးသည် သူငယ်ချင်းဖြစ်သူ မောင်မောင်(ခ)ဖားမျက်လုံး၊ နိုင်လင်းထွန်း၊ မောင်မောင်တို့နှင့်အတူ နေအိမ်၌ အရက်သောက်နေကြစဉ် ၂၂၀၀အချိန်၌ လွန်ခဲ့သော (၈)လခန့်က အပေါင်ဆိုင်၌ ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့် ဘတ္ထရီ(၁)လုံးနှင့်ပတ်သက်၍ စကားများခဲ့ဘူးသော တစ်ရွာတည်းနေ ရာအိမ်မှူး ဖိုးထောင်၊ အာကာ၊ ဖိုးနီ(၁)၊ စတီး နှင့် ဖိုးနီ(၂)တို့(၅)ဦးမှာ အိမ်ပေါ်သို့ရောက်ရှိလာပြီး ရဲစခန်းသို့သွားရောက်ရန် ခေါ်ဆိုခဲ့ကြောင်း၊ သိန်းဇော်ဦး ပါ (၄)ဦးမှာ မလိုက်နိုင်ကြောင်းပြောဆိုသဖြင့် “ဟေ့ကောင် မင်းတို့ကဘယ်လောက်သတ္တိရှိလဲ”ဟုဆိုကာ နေအိမ် မှန်ပြတင်းပေါက်(၂)ပေါက်အား အသင့်ပါလာသောဓါးဖြင့် ဝိုင်းခုတ်ခဲ့ကြကြောင်း၊
ထို့နောက် သိန်းဇော်ဦး ပါ(၄)ဦးမှာ လိုက်သွားခဲ့ကြကြောင်း၊ တရားလို ဒေါ်----သည် ၂၁၀၉ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ရဲစခန်း သို့လိုက်သွားခဲ့ရာ ၎င်း၏ခင်ပွန်းဖြစ်သူ သိန်းဇော်ဦးပါ (၄)ဦးမှာ ရဲစခန်းသို့လာရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသဖြင့် ၎င်း၏ခင်ပွန်းပါ(၄)ဦးကို ခေါ်ဆောင်သွားသော ရာအိမ်မှူး ဖိုးထောင်ပါ(၅)ဦးအား အရေးယူ ပေးပါရန် တွံတေးမြို့မရဲစခန်း(ပ) ၁၀၈၆/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၄/၄၅၂/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် ထားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ သတင်းရလျှင်ရခြင်း ပြစ်မှုကျူးလွန်သူများ အမြန်ဖမ်းဆီး ရမိရေးနှင့် ပြန်ပေးဆွဲခံရသူများ အမြန်ကယ်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲ မှ တပ်ဖွဲ့ဝင်များသည် ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုနှင့် တွံတေးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ အမှုမှ ပြစ်မှုကျူးလွန်သူ ဖိုးထောင်(ခ)ကျင်သောင်း (ရာအိမ်မှူး)၊ (၄၃)နှစ်ကို ၂၂-၆-၂၀၁၉ ရက်နေ့ ၂၁၀၀ အချိန်တွင် တံခွန်တိုင်ကျေးရွာ၊ စက်လှေဆိပ်မှ လည်းကောင်း၊ ဇော်မင်းထွေး(ခ)ပါစတီး၊ (၄၁)နှစ်သည် ၂၃-၆-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် သက်သေခံဓားနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သတင်းရရှိပါသည်။

ဖမ်းဆီးရမိသူ ဖိုးထောင်(ခ)ကျင်သောင်းနှင့် ဇော်မင်းထွေး(ခ)ပါစတီး တို့၏ ထွက်ဆိုချက်အရ သိန်းဇော်ဦး ပါ (၄)ဦးက လွန်ခဲ့သော (၅)ရက်ခန့်က ဇော်မင်းထွေး(ခ)ပါစတီး၏ အစ်မ မမိအေး၏ နေအိမ်ပေါ်သို့တက်ရောက်ပြီး မမိအေး၏သား မန်းကြီး၏လည်ကုတ်အား ဓားတင်ပြီး ခြိမ်းခြောက်သဖြင့် မန်းကြီး၏ဖခင်ဖြစ်သူ ဦးစန်းဦးမှ “မင်းတို့ ဆုံးမရင်လည်း ဆုံးမသွား” ဟုပြောရာ သိန်းဇော်ဦး ပါ(၄)ဦး ပြန်ထွက်သွားကြောင်း၊ ထို့နောက် ညီမဖြစ်သူ မစိုးစိုးထွေး(ခ)စာဥမ၏ နေအိမ်အား ၀ိုင်းထားစဉ် မမိအေး၏ သားကြီး ဘိုဘိုကိုလည်း “သတိထားနေ” ဟု ခြိမ်းခြောက်ပြောဆိုကာ စိန်ခေါ်နေသဖြင့် ရာအိမ်မှူး ဦးဖိုးထောင်မှ “ငါ့ညီတွေကို ခြိမ်းခြောက် စိန်ခေါ်နေတာ ဘယ်သူတွေလဲ” ဟု မေးမြန်းသည်ကို သိန်းဇော်ဦး က “လိုက်ခုတ်၊ လိုက်ခုတ်” ဟုဆိုကာ ဦးဖိုးထောင်အား ဓားနှင့်လိုက်ခုတ်၊ လေးခွနှင့်ပစ် သောကြောင့် ဦးဖိုးထောင်မှာ ထွက်ပြေးခဲ့ရကြောင်း၊ သိန်းဇော်ဦးနှင့် ပါလာသူများက “သိန်းဇော်ဦးကို ထိရင် အကုန်သတ်ပစ်မည် ဟု ခြိမ်းခြောက်ကာ ပြန်သွားခဲ့ကြောင်း၊ ၂၁-၆-၂၀၁၉ ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်တွင် ဦးဖိုးထောင်(ခ)ကျင်သောင်း၊ ဇော်မင်းထွေး(ခ)ပါစတီး၊ အာကာ၊ စန်းဦး၊ ဖိုးနီ(၁)၊ ဇော်လှမျိုး၊ ဖိုးနီ(၂)၊ အောင်ထွဋ် နှင့် ခွာကြီး တို့ ညီအစ်ကိုဝမ်းကွဲများစုပြီး သိန်းဇော်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ နေအိမ်မှန်ပြူတင်းတံခါးများအား ဓားဖြင့်ဝိုင်းခုတ်ပြီး သိန်းဇော်ဦး ပါ (၄)ဦးကို ရဲစခန်းသို့ ပို့အပ်ရန် ရာအိမ်မှူး ၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရာအိမ်မှူး၏ နေအိမ်၌ နိုင်လင်းထွန်းနှင့် သိန်းဇော်ဦးကို (၁)တွဲ၊ မောင်မောင်(၁)နှင့် ဖားမျက်လုံး(ခ)မောင်မောင်(၂)တို့အား (၁)တွဲ ကြိုးနှင့်တုပ်၍ ဇော်လှမျိုးပိုင် စက်လှေဖြင့် ခေါ်ဆောင်လာစဉ် တွံတေးတူးမြောင်းအတွင်း၌ သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်(၁) တို့အား ဓားဖြင့် ၀ိုင်းဝန်းထိုးခုတ်ပြီး တွံတေးတူးမြောင်း အတွင်း ပစ်ချထားခဲ့ကြောင်း၊ ဖားမျက်လုံး(ခ)မောင်မောင်(၂)ကို ဆွေးမျိုးသားချင်းဖြစ်၍ ထိုးကြိတ် ဆုံးမပြီး ပြန်လွှတ်ခဲ့ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက်ပါသည်။

အမှုမှသေဆုံးသူ မောင်မောင်(၁)၏ အလောင်းကို ၂၃-၆-၂၀၁၉ ရက်နေ့ တွင်လည်းကောင်း၊ သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏ အလောင်းကို ၂၄-၆-၂၀၁၉ ရက်နေ့ တွင်လည်းကောင်း တွံတေး တူးမြောင်းအတွင်းမှ တွေ့ရှိဆယ်ယူရရှိပြီး ဖြစ်၍လည်းကောင်း၊ အခင်းဖြစ်စဉ် အသုံးပြုသည့် ဇော်လှမျိုးပိုင် စက်လှေအား သိမ်းဆည်းရမိပြီးဖြစ်၍လည်းကောင်း၊ အမှုအား ၃၀၂/၃၆၄/၄၅၂/၄၂၇/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးကာ ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment