Tuesday, June 25, 2019

ကိုပါပြိုင်ပွဲမှာ နိုင်ပွဲလုံးဝမရှိပဲ ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တဲ့ ပါရာဂွေး

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ၊ အုပ်စု (ဂ)ရဲ့ နောက်ဆုံးပွဲစဉ်တွေအပြီးမှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း (၈)သင်းရဲ့ စာရင်းက ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးက ချီလီကို ၁-၀၊ အီကွေဒေါနဲ့ဂျပန်တို့ တစ်ဂိုးစီသရေကျခဲ့ပြီး ဥရုဂွေးနဲ့ချီလီတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



အနိုင်ရရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မယ့် ဂျပန်နဲ့အီကွေဒေါတို့ပွဲစဉ်ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရပြီး တစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဂျပန်က ဦးဆောင်ဂိုးကို ပွဲချိန် (၁၅)မိနစ်မှာ နာကာဂျီမာက သွင်းယူပေးခဲ့ပေမယ့် မထိန်းနိုင်ခဲ့ပဲ ၃၅မိနစ်မှာ အိန်ဂျယ်မီနာက အီကွေဒေါအတွက် ပြန်လည်ချေပခဲ့ပါတယ်။ ဒီပွဲက သရေနဲ့ ပြီးဆုံးခဲ့လို့ အုပ်စု (ခ)မှာ နှစ်မှတ်သာရခဲ့တဲ့ ပါရာဂွေးက အကောင်းဆုံးတတိယအသင်းအဖြစ်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ဥရုဂွေးက လက်ရှိချန်ပီယံချီလီကို ကာဗာနီရဲ့ (၈၂)မိနစ် ခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။ ဂျပန်နဲ့ အီကွေဒေါတို့သရေကျခဲ့မှုကြောင့် နောက်တဆင့်တက်ခဲ့တဲ့ ပါရာဂွေးဟာ ကွာတားဖိုင်နယ်အဆင့်ကို နိုင်ပွဲမရှိပဲ တက်ရောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အုပ်စုအဖွင့်ပွဲမှာ ကာတာနဲ့ (၂)ဂိုးစီသရေ၊ အာဂျင်တီးနားနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး ကိုလံဘီယာကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပါရာဂွေးဟာ ရမှတ်နှစ်မှတ်သာ ရရှိခဲ့ပြီး နိုင်ပွဲလည်းမရှိခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဂျပန်နဲ့အီကွေဒေါတို့ပွဲစဉ်ကို စောင့်ကြည့်နေခဲ့ရပြီး အရှုံးအနိုင်အဖြေပေါ်တာနဲ့ ပါရာဂွေးက အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါပွဲစဉ် သရေကျခဲ့လို့ ပါရာဂွေးတို့ ကံကောင်းခဲ့ရပြီး ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အခြား ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် အာဂျင်တီးနားနဲ့ ဗင်နီဇွဲလား၊ ကိုလံဘီယာနဲ့ ချီလီ၊ ဥရုဂွေးနဲ့ ပီရူးတို့ကစားရမှာဖြစ်ပြီး ဇွန်လ (၂၇)ရက်နေ့မှာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဆက်လက်ကစားသွားမယ်လို့ Copa America ပြိုင်ပွဲဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment