Tuesday, June 25, 2019

ဆီးရီးယားနှင့် အီရတ်နိုင်ငံထဲမှ အိုင်အက်စ်နှင့် ပတ်သက်သူ ၅ သောင်းခွဲ ဖမ်းဆီးထား

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေထဲက အိုင်အက်စ် စစ်သွေးကြွအဖွဲ့နဲ့ ပတ်သက်တဲ့  လူအယောက် ငါးသောင်းခွဲကို ဖမ်းထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ မီရှယ် ဘာချေးလတ်က ဇွန်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ နီးပါးက အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဝင် ပြည်ပနိုင်ငံသားတွေနဲ့ သူတို့ရဲ့မိသားစုတွေ ပါတယ်၊ သူတို့ဟာ တရားစွဲခံရရင် စွဲခံရ ဒါမှမဟုတ်ရင် လွှတ်ပေးခံရသင့်တယ်လို့ သူက ပြောပါတယ်။



ဒါ့အပြင် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို တာဝန်ယူရမှာဖြစ်ပြီး စစ်သွေးကြွတွေက မွေးလာတဲ့ ကလေးတွေအနေနဲ့ နိုင်ငံမဲ့မဖြစ်သင့်ဘူးလို့ ဘာချေးလတ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။

လက်ရှိမှာ သူတို့ကို ဆီးရီးယား အရှေ့မြောက်ပိုင်းက အယ်လ်ဟိုလ် ခိုလှုံရေးစခန်းမှာ ထိန်းသိမ်းထားတာပါ။

ဆီးရီးယား အရှေ့မြောက်ပိုင်းက အာဏာပိုင်တွေကလည်း အနောက်နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံသား အိုင်အက် စစ်သွေးကြွတွေနဲ့ မိသားစုဝင်တွေကို နေရပ်ပြန်ခေါ်ဖို့ တိုက်တွန်းထားပါတယ်။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး (SDF) အဖွဲ့က အခုနှစ်အတွင်းမှာ အိုင်အက်စ်တွေရဲ့ နောက်ဆုံးလက်ကျန်နယ်မြေကနေ သူတို့ကို ဖမ်းဆီးခဲ့တာပါ။

ပြည်ပနိုင်ငံသား စစ်သွေးကြွတွေကို နေရပ်ပြန်ခေါ်ချင်တဲ့ နိုင်ငံအရေအတွက် နည်းနည်းသာရှိပြီး ဒီပြဿနာဟာ အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်းမှာ ပြင်းပြင်းထန်ထန် အငြင်းပွားစရာတွေ ဖြစ်လာနိုင်ပါတယ်။

အမေရိကန်၊ ပြင်သစ်နဲ့ နယ်သာလန်တို့ဟာ ဆီးရီးယား အရှေ့မြောက်ဒေသက စစ်သွေးကြွ မိသားစုဝင် အမျိုးသမီးတွေနဲ့ ကလေးတွေကို နေရပ်ပြန်ခေါ်ခဲ့ပေမယ့် အရေအတွက် တော်တော်များများ ကျန်နေပါသေးတယ်။ ကလေးတချို့ဟာ ပဋိပက္ခတွေအတွင်း မွေးဖွားခဲ့တာကြောင့် နိုင်ငံမဲ့တွေ ဖြစ်နေကြပါတယ်။

No comments:

Post a Comment