Tuesday, June 25, 2019

Wanted Band ၏ Private Show ကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ Radio Bar ၌ ပြုလုပ်မည်

Wanted Band ၏ Private Show ကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ Radio Bar ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင် Wanted Band နှင့်တွဲဖက်ကာ တေးသံရှင်ဖော်ကာက တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ Wanted Band ၏ Private Show လက်မှတ်များအားလည်း ရောင်းချလျက်ရှိကာ downstairs အတွက်ကျပ်တစ်သောင်းခွဲ၊ upstairs အတွက် ကျပ်သုံးသောင်းဟု သတ်မှတ်ထားကြောင်း သိရသည်။



“Wanted ကိုကြိုက်တဲ့၊ Wanted သီချင်းတွေကို အားပါးတရနားထောင်ချင်တဲ့ အမျိုးတွေအတွက် ရည်ရွယ်ပြီးလုပ်လိုက်တာပါ။ ဒါကြောင့်လည်း လူအများကြီးဆံ့တဲ့ နေရာမဟုတ်ဘဲ လူနည်းနည်းနဲ့ပဲ အမျိုးတွေနဲ့ပျော်ပျော်ပါးပါးလုပ်ဖို့ စီစဉ်ထားတာပေါ့။ Radio Bar မှာ လုပ်ဖြစ်တာက Rock Culture နဲ့လည်း ကိုက်ညီတယ်လေ။ ဒါကြောင့် အဲဒီနေရာလေးကို ရွေးဖြစ်တာပါ။ fan တွေလုံးဝရန်မဖြစ်ဘူးလို့လည်း ယုံကြည်တယ်။ အဲဒါကြောင့်လည်း သူတို့လည်းပေးလုပ်ရဲတာပေါ့။ ပွဲအတွက် လက်မှတ်တွေလည်း စရောင်းနေပါပြီ။ နောက်တစ်ပွဲလည်း ထပ်လုပ်ဖို့ရှိပါတယ်။ သြဂုတ်လထဲမှာ လုပ်သွားပါမယ်။ အဲဒီပွဲကိုလည်း ပွဲမတိုင်ခင်သုံးရက်လောက်မှာ လက်မှတ်ရောင်းပေးပါမယ်။ ကျွန်တော့်ပွဲကို လာကြည့်ချင်တဲ့ မိန်းကလေးတွေ၊ အေးဆေးကြည့်ချင်တဲ့ အတွဲလေးတွေ နေရာရွေးလို့ရအောင် အပေါ်ထပ်အောက်ထပ် ခွဲထားပါတယ်။ သီချင်းကတော့အပုဒ် ရေ ၂၀ ကျော်လောက်ဆိုပါမယ်။ လာအားပေးကြမယ်လို့ယုံပါတယ်။ ဒီတစ်ပွဲလာအားပေးကြဖို့ အဆင်မပြေသူတွေအတွက်လည်း နောက်တစ်ပွဲရှိပါသေးတယ်လို့ ပြောချင်ပါတယ်။ ဒီကြားထဲအဆင်မပြေတာလေးတွေရှိတော့ စိတ်ဓာတ်ကျတာမျိုးတွေလည်း နည်းနည်းရှိပေမယ့် အခုပွဲလုပ်မယ်ဆိုတဲ့အချိန်မှာ အားပေးမယ်ဆိုတဲ့ ပရိသတ်တွေရဲ့တုံ့ ပြန်မှုကိုမြင်ရတော့ အားဆေးပါပဲ” ဟု တေးသံရှင်ဖော်ကာက ပြောကြားသည်။

Wanted Band ၏လက်မှတ်များအား E – Ticket များကိုလည်း မှာယူနိုင်ပြီဖြစ်ကာ ဖုန်းဆက်မှာယူနိုင်မည်လည်းဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲကို ည ၈နာရီ အချိန်တွင် စတင်မည်ဖြစ်ပြီး ည ၁၀ နာရီဝန်းကျင်အထိ တင်ဆက်ရန် စီစဉ်ထားသည်။ တေးသီချင်းအပုဒ် ၂၀ ကျော် ဖျော်ဖြေသွားမည်ဖြစ်ပြီး ဂီတဖြတ်သန်းမှုတစ်လျှောက် ပရိသတ်များနှင့်အမှတ်တရရှိခဲ့သည့် တေးသီချင်းများအား ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲအပြင် Wanted အဖွဲ့၏ အခြားဖျော်ဖြေပွဲအားလည်း သြဂုတ်လအတွင်းတွင် ထပ်မံကျင်းပရန် စီစဉ်ထားသည်။

No comments:

Post a Comment