Tuesday, June 25, 2019

တရုတ် - ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုပ်သားများ ခိုက်ရန်ဖြစ်ပွားသဖြင့် ဖက်စပ် ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေး ကြန့်ကြာမည်

ဘင်္ဂလားဒေ့ရှ်-တရုတ် ဖက်စပ်ဆောက်လုပ်နေတဲ့ ကန်ဒေါ်လာ ၂.၅ ဘီလျံတန် ဓာတ်အားပေး စက်ရုံကြီးမှာ နှစ်ဖက်အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားရာမှ စက်ပစ္စည်းအချို့ ပျောက်ဆုံး၊ ဖျက်ဆီးခံလိုက်ရတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ အတော်ကြန့်ကြာတော့မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း “ပေရာ”ဆိပ်ကမ်းအနီးမှာ တည်ဆောက်နေဆဲဖြစ်တဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ နှစ်ဖက်လုပ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဇွန် ၁၉ ရက်နေ့မှာ တရုတ်အလုပ်သမား ၁ ဦးသေဆုံးပြီး ၆ ဦးကို ဆေးရုံသို့ ပို့လိုက်ရကြောင်း စက်ရုံအထွေထွေ မန်နေဂျာက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။



အဆိုပါ ရန်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၂ ဦးကို ဆေးရုံသို့ပို့လိုက်ရကြောင်း သိရပါတယ်။ တရုတ်အလုပ်သမားတစ်ဦး ငြမ်းပေါ်မှ တွန်းချလိုက်တာကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတဲ့အတွက် သွေးဆူပြီး ရန်ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်လုပ်သားတွေက ပြောပါတယ်။

၎င်းမှာ ကရိန်းတွေရဲ့ဟိုက်ဒရောလစ်တွေ ဖျက်ဆီးခံလိုက်ရတဲ့အပြင် ဓာတ်အားပေးစက်ရုံရဲ့ ဦးနှောက်လို့ ဆိုနိုင်တဲ့ Directive Control System ဟာလည်း ပျောက်ဆုံးသွားခဲ့ကြောင်း ၊ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးနဲ့ ကြန့်ကြာမယ့်အချိန်ပမာဏကို အတိအကျမပြောနိုင်သေးကြောင်း သိရပါတယ်။

ထိုအဖြစ်အပျက်တွေအတွက် ဘင်္ဂလားဒေ့ရှ်လုပ်သား ၁၆ ဦးကို ဖမ်းဆီးထားပြီး ကုမ္ပဏီဘက်ကတော့ ရန်ပွဲမှာ ဘင်္ဂလားဒေ့ရှ်လုပ်သား ၆၀၀ ခန့် ပါဝင်ခဲ့တယ်လို့ ဆိုနေပါတယ်။

ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးမှာ လုပ်သား ၈ ထောင်ခန့် ရှိတဲ့အနက် တရုတ်လုပ်သား ၂,၇၀၀ ခန့် ပါဝင်နေပါတယ်။ ရန်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်လုပ်သားတွေကို ဇွန် ၂၃ ရက်နေ့ကစပြီး ၁၅ ရက် နားခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

No comments:

Post a Comment