Tuesday, June 25, 2019

ပွန်ပီယိုက ဆော်ဒီခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အီရန်ပဋိပက္ခအတွက် ဆွေးနွေး

အမေရိကန်က အီရန်နျူကလီးယားစီမံကိန်း သဘောတူညီချက်မှ နုတ်ထွက်ခဲ့အပြီး ပိတ်ဆို့အရေးယူမှုသစ်များ တိုးချဲ့ရန်စီစဉ် နေစဉ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇွန် ၂၄ ရက်တွင် ဆော်ဒီအာ ရေဗျခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အီရန်ပဋိပက္ခကို ဆွေးနွေးခဲ့သည်။ အီရန်ရော အမေရိကန်ကပါ စစ်ပွဲအား ရှောင်လွှဲလိုသည်ဟု ပြောကြားခဲ့ကြသော်လည်း မဟာဗျူဟာမြောက်သော ဟော်မုဇ်ရေလက်ကြားအနီး ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုများနှင့် အီရန်က အမေရိကန် သူလျှိုဒရုန်းတစ်စင်းအား ပစ်ချမှုများအပြီး တင်းမာမှုအရှိန် မြင့်တက်နေသည်။ ဆော်ဒီ နှင့် ယူအေအီးတို့က ၎င်းတို့၏ဘုံရန်သူ အီရန်အား အမေရိကန်က တင်းမာစွာရပ်တည် ပေးရန်လှုံ့ဆော်နေသည်။



ဇွန် ၂၄ ရက်တွင် အာဏာသက်ဝင်မည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသစ်များသည် မည်သည့်သက်ရောက်မှုမျှ မရှိဟု အီရန်က ထုတ်ပြန်ခဲ့သည်။

ပွန်ပီယိုသည် ဆော်ဒီဘုရင်ဆယ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်တို့ နှင့် ပင်လယ်နီမြို့ ဂျက်ဒါးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ပွန်ပီယိုသည် ယူအေအီးတာဝန်ရှိသူများနှင့်လည်း ဆွေးနွေးမည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

အီရန်အား စိန်ခေါ်မှုတွင် ဆော်ဒီနှင့် ယူအေအီးတို့သည် အကြီးမားဆုံး မဟာမိတ်နှစ်နိုင်ငံဖြစ်ကြောင်း ပွန်ပီယိုက ခိုင်းနှိုင်းခဲ့သည်။ ထိုစိန်ခေါ်မှုများအား နားလည်စေရန်အတွက် အမေရိကန်သည် ပင်လယ်ကွေ့နိုင်ငံများသာမက အာရှနှင့် ဥရောပမှ နိုင်ငံများနှင့်ပါ ညွန့်ပေါင်းတစ်ရပ်ဖွဲ့ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာတွင် အကြမ်းဖက်မှုများအား အကြီးမားဆုံးထောက်ပံ့နေသည့် နိုင်ငံအား တွန်းအားပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်းလည်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှု
အမေရိကန်ဒရုန်းတစ်စင်း ပစ်ချခံခဲ့ရပြီးနောက် အီရန်၏ ဒုံးထိန်းချုပ်ရေးစနစ်များနှင့် သူလျှိုကွန်ရက်တစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် သမ္မတဒေါ်နယ်ထရန့်က ညွှန်ကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ သို့သော် အီရန်အား ပြုလုပ်သည့်မည်သည့် ဆိုက်ဘာတိုက်ခိုက်မှုမဆို အောင်မြင်ခဲ့ခြင်း မရှိခဲ့ကြောင်း အီရန် ဆက်သွယ်ရေးဝန်ကြီး မိုဟာမက်ဂျာဗက်အာဇာရီဂျာရိုမီက ဇွန် ၂၄ ရက်တွင် Twitter ၌ ပြောကြားခဲ့သည်။

အီရန်သည် Stuxnet ဟုခေါ်သော ဆိုက်ဘာအကြမ်းဖက်တိုက်ခိုက်မှု၊ ပိတ်ဆို့အရေးယူမှုကဲ့သို့ တစ်ဖက်သတ်လုပ်ရပ်များကို ကြုံနေရကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီရန်ရှိ နျူကလီးယားအဆောက်အအုံများအား အစ္စရေးနှင့်အမေရိကန်တို့က Stuxnet ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆခံထားရသည်။

အီရန်ကသာ နျူကလီးယားလက်နက်များအား စွန့်လွှတ်ရန်သဘောတူလျှင် ဆွေးနွေးရန်အတွက် အသင့်ရှိကြောင်း ထရန့်က ပြောကြားထားသည်။ အီရန်ကမူ နျူကလီးယားလက်နက်များရရှိရန် ကြိုးပမ်းနေခြင်း မရှိဘဲ အရပ်ဘက်သုံးအတွက်သာ ရည်ရွယ်ကြောင်း ကာကွယ်ပြောကြားထားသည်။

အမေရိကန်သည် အီရန်နျူကလီးယား စီမံကိန်းသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက် အီရန်အား ပြန်လည်ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများကို တိုးချဲ့ရန် ထရန့်က စီစဉ်နေသည်။ သို့သော် ပိတ်ဆို့အရေးယူမှု သစ်များသည် မည်သည့်သက်ရောက်မှုမျှ မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၄ ရက်တွင် အာခံထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment