Tuesday, June 25, 2019

အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲ အတိုက်အခံအနိုင်ရ

တူရကီနိုင်ငံ၏ မြို့တော် အစ္စတန်ဘူလ်အတွက် မြို့တော်ဝန်ရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ် အက်ခ်အမ်း အီမာမိုဂလူ အနိုင်ရရှိခဲ့ပြီး ဇွန် ၂၃ ရက်၌ အောင်ပွဲခံခြင်းဖြင့် သမ္မတရီးဆက်တေးရစ်အာဒိုဂမ်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။ တရားဝင် မထုတ်ပြန်ရသေးသည့်ရလဒ်များအရ ပြတ်ပြတ်သားသားအောင်ပွဲခံခဲ့ပြီဖြစ်သည့် ၄၉ နှစ်အရွယ် အီမာမိုဂလူက သောင်းချီသောမြို့သူမြို့သားများကိုကျေးဇူးတင်စကား ပြောခဲ့သည်။



အာဒိုဂမ်၏ အာဏာရပါတီ ကိုယ်စားလှယ် ဝန်ကြီးချုပ်ဟောင်း ဘီနာလီ ယီလ်ဒရမင်သည် မဲ ၄၅ ရာခိုင်နှုန်းသာရရှိ၍ ၅၄ ရာခိုင်နှုန်းရရှိသည့် လီယီလ်ဒရမ် အီမာမိုဂလူနောက်တွင် ကျန်ရစ်ခဲ့သည်။အီမာမိုဂလူကို ဂုဏ်ပြုကြောင်း သမ္မတအာဒိုဂမ်က တွစ်တာ၌ဖော်ပြခဲ့သည်။

အေကေပီသည် ရင်းနှီးမြှုပ်နှံမှုမြို့ အန်ကာရာတွင်လည်း မတ်လရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည်။စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံတကာ၏ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်နေရသည့် အာဒိုဂမ်အနေဖြင့် အန်ကာရာမြို့တော်ဝန်၏ အာဏာကိုလျှော့ချနိုင်ကာအခြားနည်းလမ်းများဖြင့်လည်း အီမာမိုဂလူ၏သြဇာလျော့ပါးအောင် ဆောင်ရွက်နိုင်ကြောင်း ဆန်းစစ်သူများက ထောက်ပြကြသည်။

အီမာမိုဂလူသည် မတ် ၃၁ ရက်ကကျင်းပခဲ့သည့် မြို့တော်ဝန်ရွေးကောက်ပွဲတွင် မဲကွာခြားချက် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရခဲ့ပြီးဖြစ်သော်လည်းအာဒိုဂမ်၏ တရားမျှတရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အေကေပီ)က မဲရေတွက်မှုများအပေါ် ဥပဒေနှင့် မညီညွတ်ကြောင်းကန့်ကွက်ခဲ့သည်။

ယင်းကြောင့် ရလဒ်ကိုဖျက်သိမ်းပြီး မဲတစ်စိတ်တစ်ပိုင်းကို ရက်သတ္တပတ်အတန်ကြာ ပြန်လည်ရေတွက်ခဲ့ခြင်းမပြုမီ အီမာမိုဂလူသည် ရုံးတွင် ၁၈ ရက် နေထိုင်ခဲ့ရသည်။

တူရကီနိုင်ငံ၏ ဒီမိုကရေစီကျင့်သုံးမှုအပေါ် ပြည်တွင်းပြည်ပမှ ဝေဖန်မှုများ မြင့်တက်လာပြီး အာဒိုဂမ်၏ပါတီအနေဖြင့် မည်သည့်ရွေးကောက်ပွဲရှုံးနိမ့်မှုကိုမဆိုလက်ခံရန် တောင်းဆိုမှုများရှိခဲ့သည်။

အေကေပီသည် တူရကီကို ၂၀ဝ၂ ခုနှစ်ကတည်းက စိုးမိုးခဲ့သည်။ အာဒိုဂမ်သည်လည်း နိုင်ငံရေးဘဝကို အစ္စတန်ဘူလ်မြို့တော်ဝန်ဘဝဖြင့် ၁၉၉၄ က အစပြုခဲ့သည်။ တစ်ကမ္ဘာလုံးကစောင့်ကြည့်နေသည့် တူရကီ၏ ဒီမိုကရေစီဂုဏ်သတင်းကို ပြည်သူများကကာကွယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့တော်ဝန်အရွေးခံရသူ အီမာမိုဂလူကပြောသည်။

No comments:

Post a Comment