Tuesday, June 25, 2019

ကမ္ဘောဒီးယားအဆောက်အအုံပြိုကျမှုအတွက် ဟွန်ဆန်က ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို ထုတ်ပယ်

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ပိုင် ဆောက်လက်စအဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူဦးရေသည် ၂၈ ဦးထက်မနည်း မြင့်တက်လာပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ယူရန် ပျက်ကွက်ခဲ့မှုဖြင့် ဘေးအန္တရာယ်ထိန်းချုပ်စီမံရေးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးကို ဝန်ကြီးချုပ်ဟွန်ဆန်က ဇွန် ၂၄ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။



ကမ်းရိုးတန်းဒေသပေါ်ရှိ Sihanoukville မြို့တွင် ဇွန် ၂၂ ရက် နံနက်အစောပိုင်းက အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့သည်။ ပြိုကျသည့် အပျက်အစီးပုံကြီးအောက်တွင် လူများရှိနေဦးမည်ကို စိုးရိမ်နေကြစဉ် ဒဏ်ရာရသူ ဦးရေမှာမူ ၂၄ ဦးရှိပြီဖြစ်သည်။

သံမဏိနှင့်ကွန်ကရစ်များဖြင့် တည်ဆောက်ထားသော ခုနစ်ထပ်မြင့်သည့် အဆောက်အအုံကြီးသည် ကြိုတင်အရိပ်အယောင်ပြခြင်းမရှိဘဲ အရုဏ်မတက်မီတွင် ရုတ်ခြည်းပြိုကျသွားရသည့် အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးနေကြဆဲဖြစ်သည်။ ထိုကဲ့သို့ ပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အိပ်နေကြသည့် အလုပ်သမားများမှာ ပိတ်မိခဲ့ကြရသည်။

ဆိပ်ကမ်းနှင့် အပန်းဖြေစခန်းမြို့ဖြစ်သော Sihanoukville တွင် ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်လာခဲ့ပြီး အထူးသဖြင့် ကာစီနို၊ အိမ်ခြံမြေနှင့် ခရီးသွားကဏ္ဍတို့တွင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆောက်လုပ်ရေးအဆင့်အတန်းများအပေါ် မေးခွန်းထုတ်မှုများမှာလည်း မြင့်တက်လာခဲ့သည်။
အဆောက်အအုံပြိုကျမှုနှင့် ပတ်သက်၍ တာဝန်ယူမှုမရှိခြင်း၊ လိမ်ညာခဲ့ခြင်းတို့ကြောင့် ဘေးအန္တရာယ်ထိန်းချုပ်စီမံရေးဆိုင်ရာ အမျိုးသားကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး နန်ဗန်ဒါကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က Facebook ပေါ်တွင် ရေးသားခဲ့သည်။ သို့သော် အသေးစိတ်အကြောင်းအရာများကို မဖော်ပြခဲ့ပေ။ ထုတ်ပယ်ခံရသည့် နန်ဗန်ဒါကိုမူ ရိုက်တာက ဆက်သွယ်၍ မရသေးပေ။

ထို့ပြင် Preah Sihanouk ပြည်နယ်အုပ်ချုပ်ရေးမှူး ယန်မင်းကလည်း ရှားရှားပါးပါး နုတ်ထွက်စာတင်ခဲ့ရာ လက်ခံခဲ့သည်ဟုလည်း ဟွန်ဆန်က ဆိုသည်။ ယန်မင်း၏ Facebook တွင်မူ “ကျွန်တော့်ရဲ့ အားနည်းမှုတွေကြောင့် Preah Sihanouk ပြည်နယ်ထဲက ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ဆုံးရှုံးမှု၊ သည်းခံရမှုတွေ ဖြစ်စေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

အမှားလုပ်မိခြင်းကြောင့် ရာထူးကြီးပုဂ္ဂိုလ်များ နုတ်ထွက်သည်မှာ ကမ္ဘောဒီယားတွင် ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သည်။ အဆောက်အအုံပြိုကျမှုအတွက် စစ်ဆေးမေးမြန်းရန် ဖမ်းခံထားရသူ လေးဦးအနက်သုံးဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

“အခု မတော်တဆဖြစ်စဉ်နဲ့ ပတ်သတ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဥပဒေနဲ့အညီ လိုအပ်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို သံရုံးဘက်ကနေ ထောက်ခံ၊ ပံ့ပိုးပေးပါတယ်” ဟု တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ Sihanoukville တွင် ကမ္ဘောဒီးယား၏ အကြီးဆုံးဆိပ်ကမ်းရှိသည့်အပြင် တရုတ်၏ Belt and Road စီမံကိန်းနှင့် ဆက်စပ်နေသော တရုတ်အထူးစီးပွားရေးဇုန်တစ်ခုလည်း ရှိနေသည်။

No comments:

Post a Comment