Tuesday, June 25, 2019

ရှမ်းပြည်နယ်၌ ၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု တိုးလာပြီး ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးမည်

ရှမ်းပြည်နယ်၌ ဇွန် ၂၆ ရက်တွင် ပြုလုပ်မည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရှမ်း၊ ကယား ဒေသအတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး အမျိုးအစား ၃၆ မျိုး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၁၅၀ ကျော်နှင့် တန်ဖိုးငွေကျပ် သန်းပေါင်း ၂၂၅၄၅၁ သန်းကျော် ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။



အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို အစီအစဉ် သုံးရပ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ဇွန် ၂၆ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဆုချီးမြှင့်ခြင်း အစီအစဉ်၊ ဒုတိယပိုင်းတွင် မူးယစ်ဆေးဝါး ပပျောက်ရေး ပညာပေးပြခန်းများ ဖွင့်ပွဲ အခမ်းအနားနှင့် တတိယပိုင်းတွင် အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်မည့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၄၃ သန်းကျော်ပေါ့။ တရားရုံးကနေ အမှုပြီးပြတ်တဲ့ အမှုတွေပေါ့။ ဖမ်းဆီးရမိတဲ့ အရေအတွက်က တရားရုံး ပြီးပြတ်မှုတွေပေါ့။ ၂၀၁၇-၂၀၁၈ ခုနှစ် အမှုတွေ ပါတယ်။ ၂၀၁၉ ခုနှစ် ဖမ်းဆီးရမိတာက မီးရှို့တာက ဆိုင်တာလည်း ပါတယ်။ မဆိုင်တာလည်း ပါတယ်။ အမှုပြီးပြတ်မှ ရှို့လို့ရတယ်ပေါ့။ များတာပေါ့။ ဒီလဆိုရင် အခုလက်ရှိ တာချီလိတ်မှာမိတဲ့ ဆေးပြား တစ်ခုတည်းကို ၁၆၇ သိန်း ကျော်ရှိပြီး။ ဆေးပြား တစ်ခုတည်းကို အဲလောက်ရှိ သွားပြီ”ဟု ရှမ်းပြည်နယ် ရဲမှူးချုပ် ဇော်ခင်အောင်က ပြောကြားသည်။


ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ နှစ်အလိုက် မီးရှို့ဖျက်ဆီးမှု တန်ဖိုးစာရင်းမှာ ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၀ ကျော်၊ ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၈၃ သန်းကျော်၊ ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၆၅ သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၈၈ သန်းကျော်၊ ၂၀၁၅ ခုနှစ် တွင် ကန်ဒေါ်လာ ၈၂ သန်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၃၁ သန်းကျော်၊ ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄၃ သန်းကျော် နှင့် ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အဆိုပါ ၈ နှစ်တွင် ကန်ဒေါ်လာ ၆၂၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment