Tuesday, June 25, 2019

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းက ပုဒ်မအချို့ကို အမျိုးသားရေးအသိနဲ့ ကန့်ကွက်တာလို့ ပြည်ခိုင်ဖြိုးဆို

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်အလက် ပုဒ်မတချို့ကို အမျိုးသားရေး အသိစိတ်နဲ့ ကန့်ကွက်နေရတာလို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောပါတယ်။ သူက “ ပုဒ်မ အချို့က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးဆန့်ကျင်နေတယ်လို့တွေ့ရှိရတဲ့အတွက် ကျွန်မတို့က အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ ဆန့်ကျင်တာ” လို့ ပြောပါတယ်။ ဒါ့အပြင် ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ မွေးစားခွင့်နဲ့ ဆိုင်တဲ့ ဥပဒေ ပုဒ်မ၊ အခမဲ့ မှတ်ပုံတင်ခြင်းနဲ့ အမွေဆက်ခံတာတွေ သည်ပုဒ်မတွေပေါ်မှာ ကန့်ကွက်တာလို့ လည်း ပြောပါတယ်။



သည်ကလေးသူငယ်ဆိုင်ရာ ဥပဒေ မူကြမ်းဟာ တိတိကျကျ ဖော်ပြမထားဘဲ ကလေးသူငယ် မွေးစားတယ်ဆိုတာက ကလေးသူငယ်ဟာ နိုင်ငံသားဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မွေးစားခွင့်ရတယ် ဆိုတဲ့ သဘောတရား ပေါ်ပေါက်နေလို့ စိုးရိမ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးထက်မင်းအောင်က “ ကျွန်တော်တို့ စိုးရိမ်ပူပန်နေတဲ့ ကိစ္စက ဒီဥပဒေအရ မြန်မာနိုင်ငံသား မဟုတ်ပေမဲ့ လဲ မွေးစားသားသမီး ဖြစ်လာမယ့် ကလေးသူငယ်တွေဟာ အမွေဆက် ခံခွင့်အရ နိုင်ငံသားတွေ ဖြစ်ကုန်မှာလားဆိုတဲ့ အချက်ဖြစ်တယ်”လို့ ပြောပါတယ်။

သည်ဥပဒေမူကြမ်း ပုဒ်မ ၁၁၅ မှာ ဥပ ဒေကို ပြဋ္ဌာန်းပြီးရင် တခြားတည်ဆဲဥပ ဒေ တွေကို လွှမ်းမိုးတယ်ဆိုတဲ့ အချက်တစ်ခုကလည်းပါနေ တာကြောင့် သည် ဥပဒေကို အတည်ပြုလိုက်ရင် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် အရမ်းကို အန္တရာယ်များတယ်လို့ ခံယူချက်ရှိနေလို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါ တယ်။

ဒေါ်ယဉ်မင်းမြင့်ဆွေက “ ဖြစ်နိုင်စရာ လမ်းတွေ အများကြီး ရှိပါတယ်၊ ဘာဖြစ်လို့ လဲဆို ကျွန်မတို့ ခုဟာ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံသား အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်၊CCPR ကိုလက်မှတ်ထိုးဖို့လဲ လွှတ်တော်ထဲမှာ အရေးကြီး အဆိုတွေ တင်နေပြီ၊ ဒါတွေကိုသာလက် မှတ်ထိုး ဖြစ်ခဲ့တယ်ဆိုရင် ဒီဥစ္စာတွေ ဖြစ်လာနိုင်စေဖို့အလား အလာတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့် ကျွန်မတို့က စိုးရိမ်လွန်တာ မဟုတ်ပါဘူး၊ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့ သဘောပါ” လို့ ပြောပါတယ်။

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက်ရှုတ်ချခြင်း လူထုဆန္ဒထုတ်ဖော်ပွဲကို လူအင်အား ၃ဝဝ ကျော်နဲ့ ဇွန်လ ၂၂ ရက်နေ့ က နေပြည်တော် ဥတ္တရသီရိ မြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းမှာပြည် ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ၁၉၈၂ နိုင်ငံသား ဥပဒေ အခန်း ၈၊ ပုဒ်မ ၇၃၊ နိုင်ငံသား ဒါမှ မဟုတ် ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရသူ ရဲ့ မွေးစားခံရတဲ့ နိုင်ငံခြားသားတစ်ဦးဟာ နိုင်ငံသား ဒါမှမဟုတ် ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသား ပြုခွင့်ရသူ မရှိစေရဆိုပြီး ထုတ်ဖော်ခဲ့တာ ဖြစ်ပါ တယ်။ ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းကို ဇွန်လ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment