Monday, July 1, 2019

နေပြည်တော်တွင် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများက “အမှုမပေါ်ပေါ်အောင်ဖော်ပါ” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို နှုတ်ဖြင့် မှာကြားထားဟုသိရ

နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်း တစ်ခုတွင် ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ် တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများက “အမှုမပေါ်ပေါ်အောင်ဖော်ပါ”ဟု ပြည်ထဲရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို နှုတ်ဖြင့် မှာကြားထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ゞင်း၏ Facebook တွင် ဇွန် ၃၀ ရက်က အသိပေး ထုတ်ဖော် ရေးသားခဲ့သည်။ Justice For Victoria ခေါင်းစဉ်ဖြင့် Myanmar President Office နှင့် Myanmar State Counsellor Office တို့၏ Message Box နှင့် Comment များတွင် ပေးပို့လာသည့် တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိကြောင်း ဦးဇော်ဌေးက ရေးသားထားသည်။



“ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင် သိရှိရကတည်းက နိုင်ငံတော် အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ်ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပါတယ်။ အမှုစစ်ဆေး ဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့  အချိန်အနည်းငယ် ပေးနေရတာဖြစ်ကြောင်း သိရှိပါတယ်”ဟု ဦးဇော်ဌေးက ရေးသားထားသည်။


အထက်ပါ အမှုနှင့်ပတ်သက်၍ လက်တစ်လောတွင် စစ်ဆေး ဖော်ထုတ်နေဆဲကိစ္စ ဖြစ်ခြင်းကြောင့် လောလာဆယ်တွင် အသေးစိတ် ထုတ်ဖော်ပြောကြားနိုင်ခြင်း မပြုနိုင်သေးခြင်းကို နားလည် သဘောပေါက်ပေးကြစေချင်ကြောင်း ဦးဇော်ဌေးက ရေးသားထားသည်။

“အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကြိုတင် ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်ပါတယ်။ အစိုးရပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲ ဖြစ်ဖြစ် စာသင်ကျောင်း ပရဝုဏ်ဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံဖို့ ဦးစားပေးရမှာပါ။ ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားချက်၊ တောင်းဆိုချက်တွေကို ကောင်းစွာ သိရှိ နားလည်ပါကြောင်း၊ ပြည်သူများနှင့် ထပ်တူစွာပင် အမြန်ဆုံး ဖော်နိုင်ရေး လိုလားပါကြောင်း၊ အမှုမှန် မြန်မြန် ပေါ်ပေါက်ပြီး အရေးယူနိုင်ဖို့ အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေတာ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်”ဟု ဦးဇော်ဌေးက ရေးသားထားသည်။

လက်ရှိတွင် လူမှုကွန်ရက်တွင် နေပြည်တော်၌ ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ် တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုနှင့် ပတ်သက် ၍ အမြန်ဆုံး ဖော်ထုတ်ရန် တောင်းဆိုကြောင်း နှင့်  Justice For Victoria ၊ Promote Rule of Law In Myanmar ၊  Stop Child Sexual Abuse စသည့် စာသားများကို နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနများ၏ Facebook စာမျက်နှာများ ၌ ဝင်ရောက် ရေးသားကာ တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရေးသားမှုနှင့် ပတ်သက်၍ ကြိုဆိုကြောင်းနှင့် တရားမျှတမှုရှိစွာ အမှုမှန်ဖော်ထုတ်နိုင်ရန် တောင်းဆိုကြောင်း Facebook လူမှုကွန်ရက် အသုံးပြုများက ဝင်ရောက် မှတ်ချက်ပြု ရေးသားမှုများလည်း ရှိနေကြောင်း သိရသည်။

ဇွန် ၂၈ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်ရောက်နေသော သုံးနှစ် အရွယ်ခန့်ရှိ မိန်းကလေးငယ် မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုနှင့်ပတ်သက်၍ ဖမ်းဆီး စစ်ဆေးနေသော သံသယရှိသူအား ပြန်လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး မင်းဟန်က “မလုံလောက်လို့ ဖြစ်ပါလိမ့်မယ်။ တရားစွဲတင်ဖို့က အထောက်အထား မရှိသေးလို့ တရားခံကို ပြန်လွှတ်ထားတဲ့ သဘောပါ။ ဒါကတော့ မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပဲ။ ဘာမှ ပြောပြလို့တော့ မရသေးဘူးပေါ့။ ကလေးရဲ့ အခြေအနေ ရှိသေးတာကိုး။ ကလေးရဲ့ အနေအထား အခြေအနေ ရှိသေးတယ်။  ပြောပြလို့မရတဲ့ အနေအထားမို့လို့ မပြောတာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း၌ တက်ရောက်နေသော သုံးနှစ်အရွယ်ခန့်ရှိ မိန်းကလေးငယ် တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုနှင့်ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ မှုခင်းရဲတပ်ဖွဲ့ အနေဖြင့် တရားခံ၏ အခြေအနေကို သိရှိရပါက ထုတ်ဖော် ပြောကြားမည် ဖြစ်ကြောင်း ရဲမှူးကြီး မင်းဟန်က ပြောကြားထားသည်။

ရဲမှူးကြီး မင်းဟန်က “မှုခင်းတစ်ခု ဖော်ထုတ်ဖို့ဆိုတာက လွယ်လွယ်နဲ့ ဖော်ထုတ်လို့ရတာ မဟုတ်ဘူးလေ။ အားလုံးကို လူသက်သေ၊ ပစ္စည်းသက်သေ၊ ဒီအမှုက ပိုပြီးတော့ နူးညံ့သိမ်မွေ့တဲ့ ကိစ္စလေ။ အားလုံးကို ဘယ်သူ့ဘက်မှ နစ်နာအောင် လုပ်လို့ မရဘူးလေ။ တိတိကျကျ သေသေချာသိမှ တရားစွဲတင်လို့ ရမယ့် အနေအထားကိုး” ဟု ပြောကြားခဲ့သည်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill  မူကြိုကျောင်းမှ မိန်းကလေးငယ် တစ်ဦး လိင်အကြမ်းဖက် ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်၏ မိသားစုက မေ ၁၇ ရက်တွင် ဇမ္ဗူသီရိမြို့နယ် မြို့မရဲစန်း၌ အမှုဖွင့်ခဲ့ပြီး CID က လွှဲပြောင်းရယူ စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အမှုအတွက် သံသယရှိ၍ ဖမ်းဆီး စစ်ဆေးနေ သည့် အမျိုးသားအား တစ်လခန့် ကြာမြင့်ချိန်တွင် မှုခင်းရဲတပ်ဖွဲ့ (CID) က ဇွန် ၂၄ ရက်က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သံသယရှိ၍ ဖမ်းဆီး စစ်ဆေးနေသည့် အမျိုးသားအား တစ်လခန့် ကြာမြင့်ချိန် ဇွန် ၂၄ ရက်က မှုခင်းရဲတပ်ဖွဲ့ (CID) က ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ The Daily Eleven  သတင်းစာ၏ ဆက်သွယ် မေးမြန်းမှုကို  “သူတို့က တစ်လကျော်သွားတဲ့ အခါကျတော့ ရမန်ကြီး နှစ်ပတ်ပေါ့။ အဲဒီတော့ ဥပဒေမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာ လူတစ်ယောက်ကို ရမန်ကြီး နှစ်ပတ်ထက် ပိုပြီးတော့ ချုပ်မရဘူး။ ၂၄ နာရီထက် ကျော်ပြီးတော့ ရာဇဝတ် တရားသူကြီး တစ်ယောက်ရဲ့ ဖမ်းဝရမ်းမပါဘဲနဲ့ ဖမ်းလို့မရဘူး။ ချုပ်လို့ မရဘူး။ ဖမ်းဝရမ်း ပါရင်လည်းပဲ ၁၄ ရက်တစ်ခါ ဟိုဟာလုပ်ရတယ်။ သာမန်အမှုတွေမှာ တရားသူကြီးက ၁၄ ရက်အထိပဲ ပေးတယ်။ ရမန်တစ်ပတ်ပဲ ပေးတယ်။ နောက်တစ်ခါ နက်နဲတယ်လို့ ထင်တဲ့အမှုတွေ အဲဒီမှာ ရမန် နှစ်ပတ် ပေးတယ်။ အဆုံးစွန်ဆိုရင် ရမန် နှစ်ပတ်ပဲ ပေးတယ်ပေါ့။ ပြီးတော့ ရမန်ကြီး နှစ်ပတ်အတွင်းမှာ ဒီအမှုကို မဖော်ထုတ်နိုင်ရင် ရုံးတင်ရလောက်တဲ့ အထောက်အထား မရှိဘူးလို့ ရဲက ယူဆရင် ပြန်လွှတ်ပေးရတယ်ပေါ့။ အဲဒီတော့ အခုဟာက တော်တော်များများ ပြောကြတာ။ ရဲကလည်းပဲ သူက ထုတ်ပြန်တာက ရုံးကို စွဲတင်ဖို့အတွက် အထောက်အထား၊ စွဲတင်ဖို့အတွက် အချက်အလက် မပြည့်စုံသေးတဲ့ အတွက်ကြောင့် ပြန်လွှတ်ထားလိုက်တယ်လို့ ပြောတာကိုး။ သူတို့ ဒီအမှုကို လုံးလုံး ပိတ်ပစ်တယ်လည်း မဟုတ်သေးဘူးပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြန်လည် ဖြေကြားသည်။

ကျင့်ထုံးအရ၊ ရဲ၏ ရဲလုပ်ထုံးလုပ်နည်း အရ၊ ရာဇဝတ်ကျင့် ထုံးအရ အထက်ပါ အချက်သည် ပြဋ္ဌဌာန်း ဖြစ်ကြောင်း၊ အင်္ဂ္လိပ်ခေတ်မှ စတင်၍ ခေတ်အဆက်ဆက် အမှုများအား ပေးထားသော ဖမ်းဆီး ချုပ်နှောင်ခွင့်သည် ရမန်ကြီး နှစ်ပတ်သာ ဖြစ်ကြောင်း၊ ယင်းအချိန်ကာလအတွင်းမှာ အမှုများကို ပေါ်အောင် ဖော်ထုတ်၍ တရားရုံးသို့ စွဲတင်နိုင်လောက်သည့် အထောက်အထားရရှိရန် လုပ်ဆောင်၍ တင်ကြကြောင်း ဦးခင်မောင်ဇော်က ပြောကြားသည်။

ဖမ်းဆီး စစ်ဆေးနေသည့် သံသယရှိသူကို DNA မတူညီခြင်းကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု သိရှိထားကြောင်း ဦးခင်မောင်ဇော်က ပြောကြားသည်။

ゞင်းင်းက “အဲဒီတော့ ရဲမှူးကြီးက ပြောတယ်တဲ့။ DNA မတူလို့ အဲဒီအချက်က ခင်ဗျားတို့ဆီ ရောက်သလားတော့ မပြောတတ်ဘူး။  DNA မတူဘူးတဲ့။ အဲဒီတော့ DNA မတူလို့ လွှတ်ပစ်တယ် ဆိုတဲ့ အထောက်အထားမျိုးတော့ ဘယ်တုန်းကမှ ဟိုဟာမဖြစ်ဘူး။ ပြီးတော့ ကျွန်တော်တို့ ဒီကနေ့ ကာလအထိ တရားရုံးတွေမှာ DNA ကို သက်သေ အထောက်အထားအနေနဲ့ အတိအကျပေါ့။ DNA စစ်ချက်ကို သက်သေခံ သွင်း၊ သက်သေခံ ဟိုဟာလုပ် လက်ခံပြီးတော့ အဲဒီ DNA စစ်ချက်နဲ့ အပြစ်ပေးတာတို့ အပြစ်လွှတ်တာတို့ မရှိဖူးဘူးဗျ။ ဒါအကြောင်းပြချက် တစ်ခုပဲ ဖြစ်ရမယ်။ အဲဒီတော့ အဲဒီအချက်။ အဲဒါအပြင် ကြည့်လိုက်တဲ့အခါမှာ ခုနကလို လက်ခံနက်နဲလို့ မဟုတ်ဘဲနဲ့ ဖုံးကွယ်ဖို့ သို့မဟုတ်လည်းပဲ မျက်နှာနာရတဲ့ ကိစ္စမျိုးတွေရှိလို့ သို့မဟုတ်လည်း အခြားတစ်ခုခုသော လွှမ်းမိုးမှုတွေရှိလို့ နှောင့်နှေးနေတာလည်း ဖြစ်နိုင်တယ်လို့” ဟု ပြောကြားသည်။

အထက်ပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ ဆက်သွယ် မေးမြန်းမှုကို ဇွန် ၃ ရက်က CID စတင် လွှဲယူခဲ့ပြီး နောက်ပိုင်းတွင် တောက်လျှောက် စစ်ဆေးနေကြောင်း၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်၊ ဆရာဆရာများနှင့် ယာဉ်မောင်းများ စသည့် လူ ၂၀ ကျော်ကို ခေါ်ယူ စစ်ဆေး ထားကြောင်း Wisdom Hill မူကြိုကျောင်းအုပ် ဦးပညာက ပြန်လည် ဖြေကြားသည်။

ဦးပညာက “ခေါ်ယူ စစ်ဆေးပြီးတော့ သူတို့ ၄ ရက်နေ့ ယူစရာရှိတဲ့လူတွေ အကုန်လုံး သူတို့  DNA ယူတယ်။ ယူပြီးတော့ နောက်ဆုံး အခု Facebook မှာ ကလေးလေး နှစ်ယောက်လေ။ ပြောနေကြတဲ့ ကလေးလေး နှစ်ယောက်ကအစ အဲဒါကတော့ သူတို့ ဒီသတင်းတွေ ဒီလိုမပြောခင် ကတည်းကိုက သူတို့ အဲဒီ ကလေးနှစ်ယောက်ကို လူတွေ့လည်း ခေါ်ပြီးတော့ မေးမြန်းထားတာ လုပ်တယ်။ ပြီးတော့ DNA လည်းယူပြီး သူတို့ စစ်ဆေးပြီးသွားပြီ။ အဲဒီကတည်းကလေ။ သူတို့စစ်ဆေးတဲ့ အပေါ်မှာလည်း အကြမ်းဖျင်းအားဖြင့်တော့ အဲဒီကလေးလေးတွေက အဲဒီကျောင်းတောင် မလာဘူး။ အဲဒီနေ့မှာလေ။ ဒါပေမဲ့ အများပြည်သူက ဒီကလေးလေးတွေကို သူတို့စစ်ဆေးစေချင်တဲ့ ဆန္ဒရှိနေတာပေါ့။ ရှိတော့ သူတို့ အဲဒါလေးတွေလည်း အဲဒီ ကလေးတွေ ခေါ်ပြီး စစ်ဆေးတယ်။ မိဘကလည်း အဲဒီကလေးတွေ ကာယကံရှင် မိဘကလည်း သူတို့အများ စိတ်ရှင်းအောင်ပေါ့လေ။ သူတို့လည်း ကူညီပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် လူမှုကွန်ရက်၌ ပြုလုပ်နေသည့် စတစ်ကာ ကမ်ပိန်းများ၊ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ အများပြည်သူ အားလုံးက တရားခံပေါ်ရေးကို ဦးစားပေးခြင်း ဖြစ်ခြင်းကြောင့် ゞင်းတို့လည်း ပါဝင်ချင်ကြောင်း ဦးပညာက ပြောကြားသည်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ် တစ်ဦး လိင်အကြမ်းဖက် ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်၏ မိသားစုအား ဆက်သွယ် မေးမြန်းရန်အတွက်  The Daily Eleven သတင်းစာက ဇွန် ၃၀ ရက် မွန်းလွဲပိုင်းအထိ ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆို ဖြေကြားရန် မရှိသေးကြောင်းသာ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့သည်။ (မိသားစုဝင်များထံမှ မှတ်ချက် တစ်စုံတစ်ရာ ရရှိပါက ထပ်မံ ဖော်ပြပေးသွားပါမည်။)

လူမှုကွန်ရက် Facebook အသုံးပြုသူများ ပြုလုပ်နေသော Justice for Victoria ကမ်ပိန်းနှင့် ပတ်သက်၍ သဘောကျ ထောက်ခံကြောင်းနှင့် အများပြည်သူအကျိုးနှင့် ပတ်သက်သည့် ကိစ္စမှန်သမျှကို မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းအနေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ကောင်စီအတွင်း ဖြစ်ပွားခဲ့သည့် ကလေးသူငယ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင်များ တွေ့ဆုံ၍ ညှိနှိုင်းခဲ့ကြောင်း ဇွန် ၃၀ ရက် ညပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ゞင်း၏ Facebook တွင် ရေးသားခဲ့သည်။

“လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါဖြစ်စဉ် ဖြစ်ပေါ်သည့် နေ့မှစ၍ ယနေ့အချိန်အထိ ဝန်ကြီးဌာန၏ တာဝန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူမှုဝန်ထမ်း ဦးစီးဌာနက မိဘများနှင့် ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ဆက်လက် ကူညီဆောင်ရွက်သွားမည်။ ဝန်ကြီးဌာန အနေဖြင့် မူလတန်းကြို ကျောင်းများတွင် အသက် သုံးနှစ်မှ ငါးနှစ်အထိကိုသာ လက်ခံ ဆောင်ရွက်ရန်နှင့် ကျောင်းဖွင့် ခွင့်ပြုမိန့် မရရှိမီ ကာလအတွင်း ဖွင့်လှစ်ခြင်း မပြုရန် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်”ဟု ပြည်ထောင်စုဝန်ကြီးက ゞင်း၏ Facebook တွင် ရေးသားထားသည်။

No comments:

Post a Comment