Monday, July 1, 2019

" ဆေးကျောင်းမလျှောက်ဘူး အင်ဂျင်နီယာပဲတက်မယ် " မစိုးရိမ်ပညာဒါနမှဘာသာစုံဂုဏ်ထူးရှင် မအိမ့်ကလျာခိုင်နှင့် တွေ့ဆုံခြင်း

သာမန်ကျောင်းသူတစ်ဦး ဘာသာစုံဂုဏ်ထူးရသည်မှာ မဆန်းသော်လည်း မအိမ့်ကလျာခိုင်မှာတော့ မိဘများ မပြေလည်သည့်ကြားမှ အထက -၁ နှင့် မစိုးရိမ်ပညာဒါနကျောင်းကို တက်ကာ ဘာသာစုံဂုဏ်ထူးကို ထူးချွန်စွာ ဆွတ်ခူးနိုင်သည့်အတွက် ထူးခြားသည်ဟု ဆိုချင်ပါသည်။ ထို့အတူ အဆင့်မြင့်ပညာကိုရွေးချယ်ရာတွင် အများနည်းတူ ဆေးကျောင်းတက်ရန်မဟုတ်ဘဲ ငယ်စဉ်ကတည်းက ရည်မှန်းခဲ့သော အင်ဂျင်နီယာဖြစ်ရန်သာ ရွေးချယ်မည်ဟုဆိုခဲ့သော မအိမ့်ကလျာခိုင်အား မုံရွာဂေဇက်မှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။



MGZ - ပညာရေးဖြတ်သန်းမှုအကျဉ်းလေးပြောပါဦး

EKK - မူလတန်းကတော့ ဝက်သိုးကျောင်းကနေအောင်တယ်။ အလယ်တန်းနဲ့အထက်တန်းကတော့ အထက-၁ ပေါ့။ အပြင်ကျောင်းကတော့ မစိုးရိမ်မှာပဲ ငါးတန်းကနေ ဆယ်တန်းထိတက်တယ်။

MGZ - အတန်းအစဉ်အဆက် ဘယ်လိုသင်ယူမှုတွေပြုလုပ်ခဲ့လို့ ဒီလိုထူးချွန်လာတာလဲ။

EKK - အဓိကကတော့ အခြေခံပါပဲ သမီးရဲ့ဆရာတွေ ဆရာမတွေက အခြေခံကောင်းအောင် သင်ကြားပေးလိုက်နိုင်တယ်။ သမီးကလည်း ငယ်ငယ်ကတည်းက စာကို ဂရုတစိုက်သင်ယူတဲ့ အလေ့အကျင့်ရှိတယ်။

MGZ - စာလေ့လာတဲ့အခါမှာရော ဒီလိုဘာသာစုံဂုဏ်ထူးပါအောင် ဘယ်လိုကြိုးစားခဲ့သလဲ

EKK - ထူးထူးခြားခြားကြီး မအိပ်မနေကြိုးစားတယ်တော့ မရှိပါဘူး။ သူများ ကျက်တဲ့အချိန်ကျက်၊ ဆော့တဲ့အချိန်ဆော့၊ စားတဲ့အချိန်စား အိပ်တဲ့အချိန်အိပ်ပဲ။ ထူးထူးခြားခြား ပိုကြိုးစားတာမျိုးတော့ မရှိဘူး။

MGZ - ဝါသနာအားဖြင့် ဘာကိုဝါသနာပါလဲ ဘယ်လိုင်းကိုလျှောက်ဖြစ်မလဲ

EKK - ငယ်ငယ်တုန်းကတော့ ရည်မှန်းချက်ဆိုတာ သိပ်မရှိခဲ့ပါဘူး ၇တန်းလောက်မှ စရှိလာတယ်။ အင်ဂျင်နီယာဖြစ်ချင်တယ်။ ဒါကြောင့် ဆေးကျောင်းမလျှောက်ဘူး အင်ဂျင်နီယာပဲ တက်မယ် ဖြစ်နိုင်ရင်တော့ ဂျပန်တို့ဘာတို့လို နိုင်ငံရပ်ခြားအထိသွားပြီး အင်ဂျင်နီယာပညာကို အသက်မွေးဝမ်းကျောင်းနိုင်တဲ့အထိသင်ကြားချင်တယ်။

MGZ - ပညာဆက်သင်ဖို့ သမီးကို​ထောက်ပံ့ပေးကြတာမျိုးတွေရောရှိလား။

EKK -မနှစ်ကတည်းက ထောက်ပံ့တဲ့သူတွေရှိပါတယ်။ ဦးအောင်သူချိတ်ဆက်ပေးတဲ့အဖွဲ့ပါ မနောလှအဖွဲ့တဲ့ သမီး ကျောင်းကို အပူပင်ကင်းကင်းတက်နိုင်ဖို့ထောက်ပံ့ပေးတာပါ။ သူတို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။အခု အဆင့်မြင့်ပညာသင်ကြားဖို့အတွက်လည်း ကိုလင်းလင်းနဲ့ မချစ်သုဝေတို့က ကူညီဖို့ ဆက်သွယ်လာတယ် လို့သိရပါတယ် လိုအပ်နေတဲ့အချိန်မှာ ဒီလို ဆက်သွယ်လာတာ သိရတော့ အရမ်းပျော်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အထောက်အပံ့နဲ့ထိုက်တန်အောင် ကြိုးလည်း ကြိုးစားသွားပါ့မယ် လို့အသိပေးချင်ပါတယ်။

MGZ - နောက်ထပ် ကြိုးစားကြမယ့် ညီငယ် ညီမငယ်တွေကိုရော ဘာပြောချင်လဲ။

EKK - အဓိကကတော့ ရည်မှန်းချက်ပါပဲလို့ ရည်မှန်းချက်ထားပြီး ကြိုးစားပါ ။ ဘာမဆိုဖြစ်နိုင်ပါတယ်တို့ ပြောချင်ပါတယ်။

MGZ - ဘာတွေများ ဖြည့်စွက်ပြောချင်တာရှိလဲ

EKK - သမီးကို ဒီလိုဖြစ်အောင် သင်ကြားပေးကြတဲ့ ထောက်ပံ့ပေးကြတဲ့ ဆရာတော်ဘုရားအပါအဝင် ဆရာ ဆရာမများ ကူညီထောက်ပံ့သူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment