Monday, July 1, 2019

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးလက်ကမ်းစာဆောင်များဖြန့်ဝေ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၃ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် ဇူလိုင်လ ၁ ရက်နေ့က ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရေးအတွက် လူထုအသိပေး လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့သည် ။ အဆိုပါလူထုအသိပေး လက်ကမ်းစာဆောင်များဖြန့်ဝေမှုကို နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်တွင် ပါဝင်သူများ၊ ဧရာဝတီကို ချစ်မြတ်နိုးသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်သည် ။


``ကျွန်တော်တို့က မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရကို စာချုပ်ချပြပေးဖို့ တောင်းဆိုထားတယ်။ အဲ့ဒါကို ချမပြဘူး။ ဒါ့ကြောင့် ဒီနေ့မှာ လူထုအသိပေး လှုပ်ရှားမှုတစ်ရပ် ပြုတာပါ။´´ ဟု နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးကွန်ယက် မှ ဗဟိုကော်မတီဝင် ကိုသန့်ဇင်ထက် က ပြောသည် ။

မြစ်ဆုံဆည်သည် လုံးဝဖျက်သိမ်းသင့်ကြောင်း ပါဝင်သည့် လက်ကမ်းစာဆောင်များကို အခြားမြို့ကြီးများတွင်လည်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည် ။

မြစ်ဆုံဆည်စီမံကိန်း စာချုပ်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာချပြခိုင်းခြင်းသည် စာချုပ်ပါအချက်အလက်များကို ပြည်သူလူထုသိမှသာ အကောင်း အဆိုးဝေဖန်မှုများပြုလုပ်နိုင်မည်ဖြစ်ပြီး ပြည်သူ၏ သဘောထားဖြင့် ဆက်လက်ဆောင်ရွက်သင့်ကြောင်း ကိုသန့်ဇင်ထက် က ဆက်လက်ပြောကြားသည်။

"မြစ်ဆုံဆည်ရဲ့ ကောင်းကျိုး ဆိုးကျိုးထက် အစိုးရအနေနဲ့ ဘာကိုပဲလုပ်လုပ် ပြည်သူလူထုရဲ့ သဘောဆန္ဒကို အလေးထားစေချင်တယ်။ ဒီလိုမှသာလျှင် ပြည်သူတင်ထားတဲ့ အစိုးရဆိုတဲ့ အင်္ဂါရပ်နဲ့ အညီဖြစ်မယ်"ဟု မေတ္တာကမ်ပိန်း မှ ဦးညီညီကျော် က ပြောသည် ။

ယခင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြစ်ဆုံဆည်စီမံကိန်း စာချုပ်နှင့်ပတ်သက်၍ အစိုးရဖွဲ့နိုင်ပါက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်ထိ ချပြခြင်းမရှိသေးပေ ။

No comments:

Post a Comment