Monday, July 1, 2019

ကုန်သွယ်ရေး စစ်ပွဲကြောင့် ပို့ကုန်မြင့်တက်ခဲ့သော ထိုင်ဝမ် စက်ဘီးကုမ္ပဏီများ

စက်သံတညံညံကြားမှ သီချင်းသံနှင့်အတူ ထိုင်ဝမ်၏ Giant စက်ဘီးစက်ရုံမှ စက်ဘီးများက ထိုင်ဝမ်ကို ကမ္ဘာတွင် စက်ဘီးအဓိက ထုတ်လုပ်သည့်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိရန် အားပေးနေသည်။ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ရန် ပို၍ကြိုးပမ်းလာသော ဥရောပစားသုံးသူများထံမှ လျှပ်စစ်စက်ဘီးများ ဝယ်လိုအားမြင့်တက်မှုက ထိုင်ဝမ်ကို အင်အားဖြစ်စေသည်။ အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲကာလအတွင်း ထိုင်ဝမ်၏ စက်ဘီးတင်ပို့မှု ပို၍မြင့်တက်လာခဲ့သည်။



ကမ္ဘာတွင် စက်ဘီးအများဆုံး ထုတ်လုပ်သည့် Giant စက်ရုံအတွက် လုပ်ကိုင်နေသော အလုပ်သမားများသည် အလယ်ပိုင်း ထိုင်ချန်မြို့အနီးမှ စက်ဘီးတပ်ဆင်ရေး စက်ရုံတွင် လျှပ်စစ်စက်ဘီးအသစ်များကို ထုတ်လုပ်နေကြသည်။
“ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ လျှပ်စစ်စက်ဘီးက အဓိကပို့ကုန်ပါပဲ” ဟု Giant ၏ အမျိုးသမီး ဥက္ကဋ္ဌဌ ဘိုနီတူက ပြောကြားခဲ့သည်။ လျှပ်စစ်စက်ဘီးများသည် ကုမ္ပဏီ၏ ဝင်ငွေ ငါးပုံတစ်ပုံထိ ရှာဖွေပေးနေကြောင်း ゞင်းက ပြောကြားခဲ့သည်။

ယခုနှစ်တွင် လျှပ်စစ်စက်ဘီးမှ ရရှိသည့်ဝင်ငွေသည် ဝင်ငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းအထိ ရရှိမည်ဟု မျှော်လင့်ကြောင်း ゞင်းက ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့လျှပ်စစ်စက်ဘီးဈေးကွက်သည် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၁၆.၃၄ ဘီလျံအထိ ရှိခဲ့ပြီး ၂၀၂၅ တွင် ဒေါ်လာ ၂၃.၈၃ ဘီလျံအထိ ရောက်ရှိမည်ဟု မျှော်လင့်ကြောင်း Allied Market Research က ဆိုသည်။

ထိုင်ဝမ်၏ လျှပ်စစ်စက်ဘီးတင်ပို့မှုသည် ၂၀၁၈ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းကျော် ခုန်တက်ခဲ့ပြီး စက် ဘီးတစ်စီးချင်းစီ၏ တန်ဖိုးသည် ပျမ်းမျှဒေါ်လာ ၁၃၀ဝ ခန့် ရရှိခဲ့ကြောင်း အကောက်ခွန်စာရင်းအင်းများက ဆိုသည်။

ထိုင်ဝမ်သည် ၁၉၉၀ ပြည့်လွန်နှစ်များက ကမ္ဘာတွင် စက်ဘီး အများဆုံး ထုတ်လုပ်သည့်နေရာ ဖြစ်နေခဲ့သည်။ ထို့နောက် တရုတ်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများက ထိုင်ဝမ်၏ စက်ဘီးထုတ်ကုန်အားလုံးကို ပြောင်းလဲရယူသွားခဲ့သည်။ ဈေးချိုသော လုပ်သားအင်အားထုကြီး ရှိနေသည့် တရုတ်စက်ရုံများက စက်ဘီးထုတ်လုပ်မှုကို လွှမ်းမိုးထားသော်လည်း ထိုင်ဝမ်၏ စက်ဘီးထုတ်လုပ်မှုက ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ထိုင်ဝမ်မှ ဥရောပသို့ တင်ပို့ခဲ့သော လျှပ်စစ် စက်ဘီးသည် ယခင်တစ်နှစ်ကထက် ၁၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမေရိကန်သို့ ထိုင်ဝမ်၏ လျှပ်စစ်စက်ဘီး တင်ပို့မှုသည် ၇၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တရုတ်မှနေ၍ ကုန်ထုတ်လုပ်ငန်းများ ရွှေ့ပြောင်းနေသည့် စီးပွားရေး အကြောင်းပြချက်များကလည်း ပို၍များလာခဲ့သည်။ အစိုးရက စိုက်ထုတ်ကုန်ကျမှုကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာသော တရုတ်လုပ် လျှပ်စစ်စက်ဘီးများသည် ဈေးကွက်ကို အိုင်စေကြောင်း ဥရောပက နှစ်ပေါင်းများစွာ ဖိအား ပေးခဲ့ပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီတွင် ပြစ်ဒဏ်အခွန်များ ချမှတ်ခဲ့သည်။ အမေရိကန်နှင့် ကုန်သွယ် ရေးစစ်ပွဲကြောင့်လည်း ထိုင်ဝမ်စက်ရုံများမှ တင်ပို့မှုကို မြင့်တက်စေခဲ့သည်။ တရုတ်တွင် သွားရောက် ထုတ်လုပ်နေသော ထိုင်ဝမ်ကုမ္ပဏီများသည် နေရပ်သို့ ပို၍ပြန်လာလိုကြပြီး စက်ရုံသစ်များအတွက် တခြားနေရာများတွင်လည်း ကြိုးပမ်းနေကြသည်။

ကုန်သွယ်ရေးစစ်ပွဲမတိုင်ခင်ကပင် တရုတ်၌ အလုပ်သမား စရိတ်မြင့်တက်လာမှုကို ထိုင်ဝမ်ကုမ္ပဏီများက စိုးရိမ်နေခဲ့ကြကြောင်း North Carolina ရှိ Davidson ကောလိပ်မှ ထိုင်ဝမ်ရေးရာကျွမ်းကျင်သူ ရှယ်လီရစ်ကာက ပြောကြားခဲ့သည်။ ထိုင်ဝမ်၏ ပို့ကုန် ၄၀ ရာခိုင်နှုန်းသည် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးသို့ တင်ပို့နေမှုကြောင့် ထိုင်ဝမ်သည် စီးပွားရေးစစ်ပွဲကို အာရှတွင် အခံရနိုင်ဆုံး စာရင်း၌ ပါဝင်သည်။

ထိုင်ဝမ်ကဲ့သို့ပင် စက်ဘီးထုတ်လုပ်သူများသည်လည်း ကမ္ဘာ့စက်ဘီး ထုတ်လုပ်တင်ပို့ရောင်းချမှု စက်ဝန်းတွင် အောက်ဆုံးမှ စတင်ခဲ့ကြရသည်။ ဈေးချိုပြီး အရည်အသွေးနိမ့်သော အစိတ်အပိုင်းများ နှင့် ထုတ်ကုန်များကို အမြောက်အမြား စတင်ထုတ်လုပ်ခဲ့ကြသည်။ သို့သော်လည်း ကျွမ်းကျင်မှုနှင့် အသိပညာ တိုးတက်လာသောကြောင့် ထိုင်ဝမ်စက်ဘီးကုမ္ပဏီများသည် ကမ္ဘာတွင် အထင်ရှားဆုံးအမှတ်တံဆိပ်များ ဖြစ်လာခဲ့သည်။ Giant ကို အမေရိကန်တွင် Trek ဟု သိကြပြီး Merida ကုမ္ပဏီသည်လည်း ကမ္ဘာ့ထိပ်တန်း စက်ဘီးကုမ္ပဏီ ဖြစ်သည်။

တရုတ်ကို စီးပွားရေးအရ မှီခိုမှုလျှော့ချရန် ထိုင်ဝမ်ကုမ္ပဏီများအား သမ္မတဆန်အင်းဝမ်က တိုက်တွန်းထားပြီးနောက် ဧပြီလတွင် Giant အပါအဝင် ကုမ္ပဏီ ၄၀ ခန့် သည် ထိုင်ဝမ်၌ ဒေါ်လာ ၆.၇ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့သည်။ တရုတ်သည် အလွန်အရေးကြီးသော ဈေးကွက်ကြီးအဖြစ် ရှိနေသောကြောင့် Giant က တရုတ်၌ ထုတ်လုပ်မှု ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘိုနီတူက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုင်ဝမ်တွင် မကြာသေးခင်က တပ်ဆင်ရေးစက်ရုံသစ်များ ဖွင့်လှစ်ခဲ့ပြီး ဟန်ဂေရီတွင်လည်း စက်ရုံတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း၊ Giant သည် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ဘိုနီတူက ဆိုခဲ့သည်။

No comments:

Post a Comment