Monday, July 1, 2019

မူးယစ်ဆဲဆိုနေသဖြင့် ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ ကိုအောင်ရဲဇော် ကွယ်လွန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စည်သာရပ်ကွက်ရှိ အရက်ဖြူဆိုင်တွင် မူးယစ်ဆဲဆိုနေခြင်းကြောင့် ပန်းတောင်းမြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ကိုအောင်ရဲဇော်သည် ယနေ့ ဇွန် ၃၀ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။ ရိုက်နှက်ခံရမှုကြောင့် ကိုအောင်ရဲဇော်သည် ဇွန် ၂၅ ရက်နေ့မှစတင်၍ သတိလစ်မေ့မြောနေခဲ့ပြီး ၅ ရက်အကြာတွင် ရန်ကုန်ပြည့်သူဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။



“ သူ(ကိုအောင်ရဲဇော်) ဒီနေ့မနက်ပိုင်းကဆုံးသွားပါပြီ၊ သူရဲ့အလောင်းကို ပန်းတောင်းကိုပြန်ယူသွားမှာပါ။ သူအတွက်တော့ သူ့အမေကတော့ ယူကျုံးမရပေါ့ဗျာ”ဟု သေဆုံးသူ၏ဦးလေးဖြစ်သူ ဦးသူရကပြောသည်။

ဖြစ်စဉ်မှာ သေဆုံးသူ အသက် ၂၄နှစ် အရွယ် ကိုအောင်ရဲဇော်သည် ဇွန်၂၄ရက်နေ့ ညနေပိုင်းက စည်သာရပ်ကွက်အတွင်းရှိ အရက်ဖြူဆိုင်တွင် မူးယစ်ဆဲဆိုနေသဖြင့် ဆိုင်ရှင်၏တိုင်ကြားချက်ကြောင့် ပန်းတောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းစဉ် ချုပ်နှောင်ရိုက်နှက်ခဲ့ရာ ရရှိသည့်ဒဏ်ရာများကြောင့် ပန်းတောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီး သက်သာခြင်းမရှိသည့်အတွက် ရန်ကုန်ပြည့်သူဆေးရုံးကြီး ဦးနှောက်နှင့် အာရုံကြောဌာနသို့ ပို့ဆောင်ကုသခဲ့ခြင်းဖြစ်သည်။

ကိုအောင်ရဲဇော်အားဖမ်းဆီးစဉ် ပန်းတောင်းမြို့မရဲစခန်းမှ ဒုတပ်ကြပ်အောင်ဇော်ဝင်းပါ ရဲတပ်ဖွဲ့ဝင်လေးဦးအပြင် စည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါလာပြီး ရဲတပ်ဖွဲ့ဝင်တဦးမှ လက်နှစ်ဖက်အား နောက်ပြန် ချုပ်ကိုင်ပေးပြီး ကျန်သည့်ရဲတပ်ဖွဲ့ဝင်တဦးမှ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ကိုအောင်ရဲဇော်အားရိုက်နှက်ခဲ့သည့် ပန်းတောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်လေးဦးကို ထိန်းသိမ်းထားကြောင်း ပန်းတောင်းမြို့အခြေဆိုက် News Watch သတင်းထောက်က အတည်ပြုပြောကြားသည်။

ကွယ်လွန်သူ ကိုအောင်ရဲဇော်တွင် အသက် ၂ နှစ်ကျော်အရွယ် သမီး ၁ ယောက်ကျန်ရစ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment