Monday, July 1, 2019

သေဒဏ်ကျ အကျဉ်းသားတွေကို ကွပ်မျက်ဖို့  သီရိလင်္ကာအစိုးရက ပါးကွက်သားနှစ်ဦး ခန့် အပ်လိုက်ပြီ

သီရိလင်္ကာအစိုးရဟာ သေဒဏ်ကျ အကျဉ်းသား လေးဦးကို ကွပ်မျက်ဖို့ အတွက် လက်မရွံ့ ပါးကွပ်သားနှစ်ဦးကို ရွေးချယ် ခန့် အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ သေဒဏ်ကျသူတွေ ကွပ်မျက်မှုကို နှစ်ပေါင်း ၄၃ နှစ်အကြာမှာ ပထမဆုံး အကြိမ် ပြန်လည် ကျင့်သုံးတာလည်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားစီရင်ခံခဲ့ရတဲ့ အကျဉ်းသားလေးဦးဟာ သေဒဏ် အပြစ်စီရင်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သမ္မတက ကြေညာချက်ထုတ်ပြန်ခဲ့အပြီးမှာ အခုလို ပါးကွက်သား နှစ်ဦးကို ရွေးချယ်လိုက်တာပါ။

အခုလို ကြိုးပေးကွပ်မျက်ဖို့  ဆုံးဖြတ်လိုက်တာဟာ ၁၉၇၆ ခုနှစ်နောက်ပိုင်း ယင်း ပြစ်ဒဏ်စီရင်ချက်အပေါ် ယာယီဆိုင်းငံ့ထားမှုအား အဆုံးသတ်သွားစေမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ခေါ်ယူခဲ့တဲ့ ပါးကွက်သား အလိုရှိ ကြော်ငြာအတွက် စိတ်ဓါတ် ကြံခိုင်မှုရှိကြောင်း သက်သေခံချက်နဲ့ အတူ လျှောက်ထားသူ ၁၀၀ ကျော်ရှိခဲ့ပါတယ်။ လျှောက်ထားသူတွေဟာ သီရိလင်္ကာနိုင်ငံသားတွေဖြစ်ရမှာဖြစ်ကာ၊ စိတ်ဓါတ်ကြံခိုင်သူ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများ လျှောက်ထားနိုင်တာဖြစ်ပါတယ်။ နိုင်ငံပိုင် သတင်းဌာန Daily News ရဲ့ ဖော်ပြချက်အရ အမေရိကန်နှစ်ဦးနဲ့  အမျိုးသမီးနှစ်ဦးဟာလည်း လျှောက်ထားသူတွေထဲ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ရွေးချယ်ခံရတဲ့ လျှောက်ထားသူနှစ်ဦးဟာ အပြီးသတ် လေ့ကျင့်မှုတွေကို သီတင်းနှစ်ပတ်ကြာ လုပ်ဆောင်ရဦးမှာဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ယခင် နောက်ဆုံးလက်ကျန် ပါးကွက်သားတစ်ဦးဟာ စက်တိုင်တွေကို မြင်ကာ ထိတ်လန့် ခြောက်ခြားသွားတာကြောင့် ပြီးခဲ့တဲ့ ငါးနှစ်ခန့် က နှုတ်ထွက်သွားခဲ့ပါတယ်။ ပြီးခဲ့နှစ်က ပါးကွက်သား နောက်တစ်ဦးကို ထပ်ငှားခဲ့ပေမယ့် အလုပ်နဲ့  အံမ၀င်ခဲ့ဘူးလို့  ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှောင်ခိုသွင်းမှုနဲ့  လူသတ်မှုတွေကို သေဒဏ်ပေးလေ့ရှိပေမယ့် ၁၉၇၆ ခုနှစ်နောက်ပိုင်း ကွပ်မျက်ခြင်း မရှိတော့ပါဘူး။ နိုင်ငံမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် ကြိုးပေးကွပ်မျက်ခြင်းကို ပြန်လည်ကျင့်သုံးမှာ ဖြစ်ကြောင်း သမ္မတ မိုင်သရီပါလာ သီရိသနာက ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာသူတွေကတော့ ယခုနှစ် အဆုံးပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဒါဟာ သမ္မတက ၄င်းကို လူကြိုက်များအောင် မဲဆွယ်လိုက်တာဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ သီရိလင်္ကာ အစိုးရရဲ့ သေဒဏ်စီရင်မှု ပြန်လည်ကျင့်သုံးဖို့  ဆုံးဖြတ်ခဲ့တာကို ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီးယူအဖွဲ့ တို့ ကလည်း ရှုတ်ချခဲ့ကြပါတယ်။

No comments:

Post a Comment