Monday, July 1, 2019

မူလတန်းကြိုကျောင်းများတွင် အသက်၃နှစ်မှ ၅နှစ်အထိသာ လက်ခံရန် ထုတ်ပြန်ပြီးဟု လူကယ်ပြန်ဝန်ကြီးဆို

မူလတန်းကြိုကျောင်းများတွင် အသက်၃နှစ်မှ ၅နှစ်အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့် မရရှိမီ ကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။



"ကျွန်မတို့ဆန္ဒကတော့ ကျောင်းတွေမှာ ကျောင်းခန်း အတွင်း အပြင် CCTVတွေ တပ်ဆင်ဖို့ အစိုးရက ဥပဒေတွေ နည်းဥပဒေတွေထဲ ထည့်ရေးဆွဲပြဋ္ဌာန်းစေချင်တယ်။ နေပြည်တော်မှာဖြစ်တဲ့ကိစ္စကို ကြည့်ရင် လုံခြုံရေးပိုင်းက မေးခွန်းထုတ်စရာဖြစ်နေပါတယ်"ဟု ကလေးမိခင်တစ်ဦးဖြစ်သူဒေါ်လှိုင်ဝင်းက ဆိုသည်။

ယင်းအပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း ဖြစ်ပေါ်လျက်ရှိသော ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော်ကောင်စီက တာဝန်ရှိသူများနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းခဲ့သည်ဟုလည်း ဝန်ကြီးက ရေးသားထားသည်။

ယင်းအမှုအတွက် မိဘများနှင့်ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ဆက်လက်ကူညီဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ဆိုသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် အသက် ၂နှစ် ၁၁လ အရွယ်ကလေးငယ်တစ်ဦးမှာ မေလ ၁၆ရက်က ကျောင်းကြို/ပို့ကားနှင့် အိမ်ပြန်ရောက်လာချိန်တွင် မိခင်အား မိန်းမကိုယ်နာကျင်နေကြောင်းပြောဆိုခဲ့ပြီး ထိုနေရာတွင် သွေးများတွေ့ရှိသောကြောင့် ဆေးရုံသို့ပြသခဲ့ကာ မေလ ၁၇ရက်တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ထို့နောက် ဇွန်လ ၃ရက်တွင် CID(မှုခင်းရဲတပ်ဖွဲ့)သို့ လွှဲပြောင်းစစ်ဆေးခဲ့ပြီး CID က တရားခံဟု သံသယရှိ၍ ဖမ်းဆီးထားသူ အမျိုးသားကို ဇွန်လ ၂၄ရက်က ပြန်လွှတ်ပေးခဲ့သည်။ အမှုမှာ တစ်လခွဲခန့် ကြာပြီဖြစ်သည်။

No comments:

Post a Comment