Monday, July 1, 2019

ဇူလိုင်ကို ဘယ်လိုရင်ဆိုင်ကြမှာလဲ

ကျွန်တော့်အိမ်ရှေ့တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက ဖွင့်လှစ်ထားသော ဈေးတစ်ခုရှိသည်။ ‘ဂ’ အဆင့် ဈေးကလေးဆိုပါစို့။ ထိုဈေးတွင် သား၊ ငါး၊ သစ်သီးဝလံနှင့် ကုန် ခြောက်ဆိုင်များရှိသည်။ေ ဈးနံဘေးတွင် ဈေးကိုအမှီ ပြုပြီး ရောင်းချသည့် ရေခဲဆိုင် တစ်ဆိုင်ရှိသည်။ ထိုရေခဲဆိုင် တွင် ဈေးအတွင်းသား၊ ငါးရောင်း ချသူများ ရေခဲဝယ်ယူကြသည်။ နေ့လယ်ပိုင်း ဈေးကွဲသွားသည် နှင့် သား၊ ငါးဈေးရောင်းချသူများ ရေခဲဆိုင်တွင် တန်းစီနေတတ်၏။ ရောင်း၍ မကုန်သေးသည့် သား၊ ငါးများကို ရေခဲရိုက်ထားပြီး ည နေပိုင်း ပြန်လည်ရောင်းချရန် ဖြစ် သည်။



ရေခဲဆိုင်သို့ နံနက် ၅ နာရီ လောက်တွင် ရေခဲပို့သည့်ကား နေ့စဉ် လာသည်။ ဒိုင်နာကားကြီးပေါ်မှ အငွေ့တထောင်းထောင်းထ နေသော ရေခဲတုံးကြီးတွေကို ချ သည်။ မနေ့ကတော့ ရေခဲလာပို့ သည့် ရေခဲစက်ပိုင်ရှင်က ‘‘လ ကုန်အထိတော့ ဒီဈေးပဲ၊ ဇူလိုင်လ ဆန်းတာနဲ့ ဈေးတက်မယ်’’ ဟု ပြောသွားသံကြားလိုက်ရသည်။ ရေခဲစက်ဆိုသည်မှာ ရေကိုခဲ အောင် လျှပ်စစ်ဓာတ်အားဖြင့် ပြုလုပ်ရသောအရာ ဖြစ်သည်။ ယခုလျှပ်စစ် ဓာတ်အားခတက် မည်ဆို၍ ရေခဲဈေးတက်မည်ဖြစ် ကြောင်း သူ့ဖောက်သည်တွေကို ရေခဲစက်က ကြိုတင်ကြေညာထားခြင်း ဖြစ်မည်။

ကျွန်တော်ငယ်စဉ် မဆလ အစိုးရလက်ထက်က ကုန်ဈေးနှုန်းတက်သည်နှင့် မြို့ပေါ်ရှိကုန်သည် ကြီးများကို အစိုးရက ဖမ်းဆီးလေ့ ရှိသည်။ ထိုသို့မကြာ ခဏခဏ ဖမ်းဆီးခြင်း ခံရသောအခါ ကုန်သည် ကြီးတစ်ဦးက ‘‘စီးပွားရှာတယ်ဆို တာ မြတ်ချင်လို့လုပ်တာကွ။ အမြဲ တမ်းရှုံးနေမယ်ဆိုရင် ဘယ်သူမှ စီးပွားရေးမလုပ်ဘူး’’ဟု ညည်း တွားတော့သည်။

ယခုရေခဲစက်က ရေခဲဈေး တက်မည်ဆိုခြင်းကိုလည်း ရေခဲ လက်လီရောင်းသူက ခွန်းတုံ့မပြန် ပါ။ သူဈေးတက်တော့ ကိုယ်လည်းဈေးတက်ရောင်းရုံ မဟုတ်လား။ ဈေးရောင်းတယ်ဆိုတာ မြတ်ချင် လို့ မဟုတ်လား။ ရေခဲဈေး လက် လီတက်သည့်အတွက် မဖြစ်မနေ ရေခဲဝယ်သုံးရသည့် သား၊ငါးသည်ကလည်း ရေခဲဈေးတက်သည့်အလျောက် သား၊ငါးဈေးကို လိုက် တက်ကြမည် ဖြစ်သည်။ ထို့အတူ လျှပ်စစ်ဓာတ်အားဖြင့် ထုတ်လုပ် ရသည့် ကုန်ပစ္စည်းတိုင်း သောက် ရေသန့်ကစကာ ဈေးတက်ကြ မည် ဖြစ်၏။ အချို့ဝိသမလောဘ သားများကလည်း လျှပ်စစ်ဓာတ် အားခ အနည်းငယ်တက်သည်ကို အကြောင်းပြု၍ မိမိကုန်ပစ္စည်းကို မတရားဈေးတင်လျှင်လည်း တင် ကြဦးမည် ဖြစ်သည်။

မီတာခတက်သည်နှင့် ကုန်ဈေးနှုန်းတက်တတ်ခြင်းမှာ ‘ပေါက်ပင်ဘာလို့ ကိုင်းရတယ်’ ဇာတ် လမ်းမျိုးဖြစ်သဖြင့် ဇာချဲ့၍ မရေး လိုတော့ပါ။ ကုန်ဈေးနှုန်းအ ကြောင်းကိုသာ ဆက်လက်ရေးပါ မည်။

မြန်မာနိုင်ငံတွင် အခြေခံစား ကုန် ကုန်ပစ္စည်းများမှာ တစ်နေ ရာနှင့် တစ်နေရာဈေးချင်း မတူ ကြပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းခြားနားမှု ရှိခြင်းကို မပြောလိုသော်လည်း ရန်ကုန် တစ်မြို့တည်းပင်လျှင် ဈေးနှုန်းခြားနား မှု ရှိနေသည်ကတော့ အနည်းငယ် ပြောစရာ ရှိနေပါသည်။ ကျွန် တော့ အိမ်ရှေ့ကဈေးသည် ပတ် ၀န်းကျင်ရပ်ကွက်များရှိ ဈေးများ ထက် ကုန်ဈေးနှုန်းပိုကြီးပါသည်။ အခြားရပ်ကွက်များတွင် တစ်ဆယ်သား ၁,၅၀၀ ကျပ်ရှိသော သား၊ ငါးဈေးသည် ထိုဈေးတွင် ၂,၀၀၀ ကျပ်ရှိနေတတ်သည်။ အခြားဈေး တွင် ကန်စွန်းရွက်တစ်စည်း ၂၀၀ကျပ်ရှိလျှင် ထိုဈေးတွင် ၃၀၀ ကျပ် ဖြစ်နေတတ်၏။ ထိုသို့ဖြစ် နေခြင်းမှာ အခြားကြောင့် မဟုတ်။ထိုဈေးသို့ ဈေးလာဝယ်သူများထဲ တွင် တရုတ်နိုင်ငံခြားသား အများ စုရှိနေ၍ ဖြစ်သည်။ ဈေးသည် တွေက ပြောသည်။ ‘‘ဗမာတွေ မ၀ယ်ချင်နေ၊ တရုတ်တွေဝယ် လိမ့်မယ်’’ဟူ၏။

အိမ်နီးချင်း ထိုင်းနိုင်ငံ၏ မဲ ဆောက်၊ မယ်ဆိုင်၊ ရနောင်းစသည့်နယ်စပ်မြို့များကို ရောက်ဖူးသူ များက ထိုမြို့များတွင် စားသောက်ကုန်ဈေးချိုပြီး အခြင်အတွယ် လည်း မှန်ကန်ကြောင်း ပြောကြ သည်။ အထူးသဖြင့် ကြက်သား၊ ကြက်ကြော်၊ အချိုရည်တို့ကို ညွှန်းကြသည်။ ကျွန်တော်တို့ဆီမှာ ကြက်ကြော်နှင့် ထမင်းစားလျှင် အနည်းဆုံး ၂,၀၀၀ ကျပ်လောက် တော့ ပေးရသည်။ သူတို့ဆီမှာ အဲသလောက် မကျဟုဆိုသည်။

ကြက်သားကိုလည်း ကြက် မွေးမြူရေး ဒိုင်ကြီးတွေက အအေးခန်းကားကြီးများဖြင့် ဈေးများ၊ စူပါမားကက်များ၊ စတိုးဆိုင်များ အထိပါ လိုက်ပို့သဖြင့် အလေး ချိန်မှန်ကန်ပြီး ဈေးနှုန်းကလည်း ချိုကာဈေးလည်း တစ်ပြေးညီရှိ နေသည်ဟု ဆိုကြသည်။ ကျွန် တော်တို့ဆီမှာကား ဈေးနှုန်းက လည်းကြီးပြီး အလေးချိန်က လည်း မမှန်ကန်ပါ။ ဆိုင်ကြီးပေါ် တွင် ဒစ်ဂျစ်တယ်ကတ္တားကြီးတင် ထားသော်လည်း အလေးချိန်မ ပြည့်ပါ။ အလေးပြည့်သည့်ဆိုင် များက အနည်းငယ်သာရှိသည်။ ထို့ကြောင့် စားသုံးသူမှာ မိအေး နှစ်ခါနာရသည်။

ထိုကိစ္စကို ဖြေရှင်းရန် ကြက်သားမွေးမြူထုတ်လုပ်ရေး ကုမ္ပ ဏီအချို့ စဉ်းစားခဲ့ကြဖူးသည်။ ထိုင်းနိုင်ငံမှာကဲ့သို့ ကြက်သားကို ကီလိုဘူးတွေနှင့် အအေးခန်းကား များ စီစဉ်ကာ ဈေးများ၊ စတိုးဆိုင် များသို့ ပို့သည့်စနစ်ဖြင့် ဖြစ်သည်။ စားသုံးသူကလည်း ရုံးက အပြန်၊ အလုပ်ကအပြန် စတိုးဆိုင်မှာ ကြက်သားအလွယ်တကူ ၀ယ်လို့ ရ၏။ ကြက်သားဘယ်နှကီလို ပေးပါ ပြောလျှင် ရောင်းသူက ဖရီဇာထဲက ကီလိုဘူးလေး ထုတ်၊ ချိန်စက်ပေါ်တင်၊ ဈေးကဘူးမှာ ကပ်ပြီးသား ဘယ်ဆိုင်မှာ ၀ယ် ၀ယ်စသည်ဖြင့် အဆင်ပြေနေ သည့်စနစ် ဖြစ်သည်။ သို့သော် ထိုစနစ်မှာ စဉ်းစားရင်းဖြင့်ပင် နောက်ဆုံးဘူတာကြီး အရောက် ၌ ရပ်သွားသည်။

နောက်ဆုံးဘူတာကြီးမှာ ကား အခြားမဟုတ်ပါ။ ကျွန်တော် တို့၏ ဇာတ်လိုက်ကျော်ကြီး လျှပ် စစ်မီးသာ ဖြစ်တော့သည်။ အ အေးခန်းကားများဖြင့် ဈေးအ ရောက်၊ စတိုးဆိုင်အရောက်သား၊ ငါးများကို လိုက်ပို့သည်ထား။ ဈေးများ၊ စတိုးဆိုင်များကလည်း သား၊ငါးများကို ဖရီဇာထဲထည့်ကာ ရောင်းမည်ဆိုပါစို့။ ထိုဖရီဇာအ မြဲတမ်းအေးနေမှ သား၊ငါးများ မပုပ်မသိုးဘဲ ရှိမည်ဟုတ်လား။ ဈေးရောင်းတာ ဘယ်သူကအရှုံး ခံရောင်းမည်နည်း။ မနက်ကတည်းကတည်းက မီးပြတ်သွား တာ ညကျမှလာမည်ဆိုလျှင် ထိုသား၊ငါးများက နံစော်ပုပ်သိုးတော့ မည်။ မီးပြတ်လျှင် မီးစက်မောင်း နိုင်သော စူပါမားကက်ကြီးတွေမှ သာ အဆင်ပြေမည်ဖြစ်၍ အခြေ ခံလူတန်းစားများထံသို့ ထိုအစီအ စဉ် မရောက်တော့ပေ။

ကျွန်တော်တို့ နိုင်ငံတွင် နေ ထိုင်သူအားလုံး၏ ၅၀ ရာခိုင်နှုန်း ပင် လျှပ်စစ်မီးမရသေးချေ။ လျှပ် စစ်မီးအပြည့်အ၀ မရရှိမှုကြောင့် ကုန်ထုတ်လုပ်ငန်းများ ကောင်း မွန်စွာ မထုတ်လုပ်နိုင်ခြင်း၊ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများ တုံ့နှေးနေ ခြင်းများ ရှိနေသည်။ လျှပ်စစ် ဓာတ်အားခများ တိုးမြှင့်လိုက် ခြင်းနှင့် ပတ်သက်၍ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် က ပြောကြားရာတွင် ‘‘စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်စွမ်းအင်လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ နိုင်ငံတွေအတွက် လည်း လိုပါတယ်။ စီးပွားရေး လုပ်ငန်းတွေအတွက် မရရင် ရင်း နှီးမြှုပ်နှံဖို့ အခက်အခဲရှိပါတယ်’’ ဟု ပြောကြားသွားပြီး အမေရိကန် နှင့် မြန်မာနိုင်ငံကြား လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရန်ရှိကြောင်းလည်း စကော့ မာစီရယ်က ဆိုခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ကလည်း လျှပ် စစ်ဓာတ်အားခတိုးမြှင့်ခြင်းသည် အစိုးရက အကျိုးအမြတ်ရှာလို ခြင်း မဟုတ်ကြောင်း၊ နည်းနည်း ပေးရတာကနေပြီး နည်းနည်းပို ပေးရတာမျှခြေ တစ်ခုကိုဖြစ်ဖို့ ဖြစ်ကြောင်း၊ လက်ရှိလျှပ်စစ် ဓာတ်အားနှုန်းထားသည် အစိုးရက ဓာတ်အားတိုးမြှင့်လုပ်ကိုင်နိုင်ပြီး စီး ပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံ မှု တိုးလာနိုင်ကြောင်းကို မကြာမီ က ပြောကြားသွားခဲ့သည်။

အားလုံးကို ခြုံကြည့်မည်ဆို လျှင် လျှပ်စစ်ဓာတ်အားပြည့်မီ စွာ ထုတ်လုပ်ပေးနိုင်ရန်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကာမိ စေမည့် မျှခြေတစ်ခုလည်း ဓာတ် အားထုတ်လုပ်သူနှင့် သုံးစွဲသူကြား လိုအပ်နေသည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုသည် အစိုး ရကိုသာ အားကိုးနေရခြင်းမှ လွတ်ကင်းကာ ပုဂ္ဂလိက ကုမ္ပဏီ များ၊ နိုင်ငံခြားကုမ္ပဏီများလာ ရောက် ရင်းနှီးမြှုပ်နှံမှုရှိမှသာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အ မြန်ဆုံး ပြည့်ဝစွာရရှိနိုင်မည် ဖြစ် ၏။ ထို့အတွက် ပုဂ္ဂလိကကုမ္ပဏီ  များ၊ နိုင်ငံခြားကုမ္ပဏီများ လုပ် သာကိုင်သာမည့် ဓာတ်အားခနှုန်း ထား တစ်ခုလည်း ရှိနေရန် လို အပ်ပေသည်။ ထိုအခြေအနေများ ကိုလည်း ပြည်သူများက ထည့် သွင်းစဉ်းစားပေးဖို့ လိုပေသည်။

မည်သို့ပင်ဖြစ်စေ လျှပ်စစ် ဓာတ်အားသုံးစွဲသူ ပြည်သူများ အားလုံး ဇူလိုင်တွင် စတင်မည့် လျှပ်စစ်ဓာတ်အားခနှုန်း သစ်ကို ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။ ကိုယ့်ဝင်ငွေနှင့် လျှပ်စစ်မီးကို ချိန် ဆအသုံးပြုဖို့ လိုပါလိမ့်မည်။ မီး ပြတ်နေသည့် ရက်များတွင် မီး သွေးဝယ်သုံးရသဖြင့် မီးသွေးဖိုး က မီတာခထက်ပိုကုန်ကျသည် ကို သတိပြုမိကြပါလိမ့်မည်။ ယခုမီတာခအနည်းငယ်တက်ခြင်း လည်း မီးသွေးဖိုးထက် သက်သာ နေပါဦးမည်။ မလိုအပ်ဘဲ မီးဖွင့် အိပ်ခြင်း၊ အဲကွန်း၊ ရေခဲသေတ္တာ၊ ပန်ကာများဖွင့်ထားခဲ့ကာ အိမ် ပြင်သို့ ထွက်သွားခြင်း စသည့် မလိုအပ်သော လျှပ်စစ်သုံးစွဲခြင်း များကို ရှောင်ကြဉ်ဖို့ သတိပေးလို ပါသည်။ မီတာခ တက်သွားခြင်း ကို လောကဓံဟုသာ သဘောထားပြီး ဇူလိုင်ကို ရင်ဆိုင်ကြပါစို့ဟု ...။

No comments:

Post a Comment